Connecting to LinkedIn...

W1siziisijiwmtyvmdyvmjkvmdevnduvmtcvmzc3lzeymdg3mdq3xzy4odc1mjmwndu5ndewnv83mzm2otm2odgxmjyymze3mjc5x28uanbnil0swyjwiiwidgh1bwiilciyntywediwmcmixv0

သင့် ဝါသနာပြန်ရှာဖွေခြင်း နှင့် အလုပ်ဖြင့် ထပ်တူကျအောင် ဖန်တီးခြင်း

Posted on 9/11/2015 by

W1siziisijiwmtuvmtevmtcvmtivmjcvntqvnjkxl2nhcmvlci5qcgcixsxbinailcj0ahvtyiisijmwmhgymjbcdtawm2uixv0

မြန်မာပြည်က လူငယ် အများစုကို သွားကြည့်လိုက်တဲ့အခါ အများစုဟာ မိမိ ဘာလုပ်ချင်တယ်ဆိုတာ မသိအောင် လမ်းပျောက်နေပါတယ်လို့ ဖြေသူတွေ အင်မတန် များပါတယ်။ မိမိ လက်ရှိ လုပ်နေတဲ့ အလုပ်နဲ့ မိမိ ဖြစ်ချင် တကယ်လုပ်ချင်တာနဲ့လည်း မတူပါဘူးဆိုပြီးတော့လည်း ပြောကြ ပါတယ်။ တကယ်တန်း ဘာဝါသနာပါလည်း လို့ မေးလိုက်တဲ့အခါမှာလည်း မိမိဟာ ဘာကို ဝါသနာ ပါလို့ ပါမှန်း မသိအောင် မဖြေတတ်တဲ့ သူတွေ၊ မသိသူတွေ အင်မတန် များပါတယ်။ ယင်းဟာ career lost ဖြစ်ခြင်း မဟုတ်ပဲ Passion lost ဖြစ်ခြင်းဖြစ်ပါတယ်။ မိမိရဲ့ စိတ်အားထက်သန်ရာ တစ်ခုခု ပျောက်ဆုံးခြင်း ဖြစ်ပါတယ်။ ဒီတော့ မိမိစိတ်အားထက်သန်ရာသာ မရှိရင် အလုပ်မှာ ပျော်ဖို့အကြောင်း မရှိပါဘူး။


မိမိမှာ စိတ်အားထက်သန်ရာ တစ်ခုခု ရှိပြီပဲ ဆိုပါတော့ မိမိ အလုပ်နဲ့ ထပ်တူ မကျပါဘူး ဆိုတဲ့ ပြဿနာ လည်း ရှိနေပါသေးတယ်။ ဒီတော့ ယင်း ကဲ့သို့ အခက်အခဲများစွာကြောင့် တိုင်းပြည်မှာ Human Resource ကောင်းတွေ ဆုံးရှုံးရမှု မနည်း ပါဘူး။ ဒါဟာ Education system တစ်ခုမှာ ကြီးပျင်းလာမှုနဲ့ သက်ဆိုင်သလို ပတ်ဝန်းကျင်ရဲ့ ပုံစံသွင်းမှုပေါ်မှာလည်း မူတည် ပါတယ်။ ယင်း ပုံစံခွက်ထဲကနေ ပြန်ခုံထွက်ဖို့ဆိုတာ အင်မတန် ခဲယဉ်းပါတယ်။ ဒီမိုကရေစီခေတ်ရောက်လာတဲ့အခါ လမ်းစများစွာ ပွင့်လာ ပေမယ့် အများစုဟာ လွယ်ကူရာ လမ်းတစ်ခုကို စိတ်အားထက်သန်တယ်လို့ သတ်မှတ်ယူဆပြီး ရွေးချယ်သွားကြ ပါတယ်။ ယင်းထဲမှာ တကယ် အမှန်ရွေးသူ ရှိသလို အချို့ကျတော့ ဒါလေးပဲ ရှိတော့ ဒီလမ်းကိုပဲ ရွေးရအောင်ဆိုပြီးတော့ ရွေးပါတယ်။ ဒီတော့ အကျိုးဆက်အားဖြင့် ထိုက်သင့်သလောက် ယင်းလူငယ် အနေနဲ့ မအောင်မြင်သလို တိုင်းပြည်အတွက်လည်း အကျိုးမပြု ပါဘူး။ ဒီတော့ Passion လို့ခေါ်တဲ့ စိတ်အားထက်သန်မှုကို ပြန်လည်ရှာဖွေနည်းလေးနဲ့ စလိုက်ရအောင်..။

Passion နဲ့ Interest ကွဲရန်လိုအပ်

Passion ဆိုတာ စိတ်အားထက်သန်ရာ ဖြစ်ပြီး Interest က စိတ်ဝင်စားရာ ဖြစ်ပါတယ်။ လူအတော်များများ အနုပညာကို စိတ်ဝင်စားပါလိမ့်မယ်။ ဒါပေမယ့် ယင်းအချက်ကို လုပ်ကိုင်ဖို့ကျ စိတ်အားထက်သန်မှု ရှိမရှိက ကွဲသွားပါလိမ့်မယ်။ စိတ်ပါဝင်စားမှုဟာ နည်းနိုင်ပေမယ့် စိတ်အားထက်သန်မှုက ပိုပြီးတော့ များပါလိမ့်မယ်။ ဆိုကြပါစို့။ သင့်အနေနဲ့ ဂီတာသံ နားထောင်ရတာ စိတ်ဝင်စားပေမယ့် တီးချင်မှ တီးချင်ပါလိမ့်မယ်။ တီးချင်ပါစေအုံးတော့ သင်ယူတဲ့အခါ ကိုယ့်အနေနဲ့ မလိုက်နိုင်ဘူး။ မတတ်နိုင်ဘူးဆိုတာ မိမိမှာ ယင်းအတွက် စိတ်အားထက်သန်မှု မရှိလို့ ဖြစ်ပါတယ်။ မိမိ အနေနဲ့ စာဖတ်ရတာ ဝါသနာ ပါပေမယ့် စာရေးရတာကိုလည်း စိတ်အားထက်သန်မှု ရှိလားမရှိဘူးလားဆိုတာကို သေချာ စမ်းစစ်ကြည့်ပါ။ စာရေးသူ အနေနဲ့ကတော့ စာဖတ်ရတာ ထက် စာရေးရတာကို ပိုပြီးတော့ စိတ်အားထက်သန်တာကို ဝန်ခံ ပါတယ်။ မိမိအနေနဲ့ ဗုဒ္ဓဘာသာနဲ့ ပက်သက်လို့ လေ့လာလိုက်စားရတာ ဝါသနာပါပါတယ်။ ဒါပေမယ့် အင်တာနက် ဈေးကွက်ချဲ့ထွင်ရေးလို့ခေါ်တဲ့ Internet marketing ကို လုပ်ကိုင်မှုမှာ အင်မတန် စိတ်အားထက်သန်မှု ရှိပါတယ်။ စိတ်အားထက်သန်တဲ့အလုပ်ကို လုပ်တဲ့အခါ အလုပ်လို့တောင် ထင်တော့မှာ မဟုတ်ပါဘူး။ မိမိအနေနဲ့ မိမိရဲ့ စိတ်အားထက်သန်မှုကို အရင်ရှာဖွေရမှာ ဖြစ်ပါတယ်။ ယင်းသို့ ရှာဖွေဖို့အတွက် အဆင့်ဆင့်သွားရပါလိမ့်မယ်။

စာအုပ်ဆိုင်တစ်ဆိုင်သို့ ဝင်ပါ

စာအုပ်ဆိုင်တစ်ဆိုင်သို့ ဝင်တဲ့အခါ မိမိအနေနဲ့ ဘယ် စာအုပ်စင်တန်းကို အရင်သွားပါသလဲ။ ဘာသာစကား စာအုပ်စင်တန်းလား၊ ဘာသာပြန်စာအုပ်စင်တန်းလား။ ပြီးတော့ မိမိစိတ်ဝင်စားတဲ့ အကြောင်းအရာဟာ ဘာပါလဲ။ ယင်းအချက်ဟာ မိမိရဲ့ Interest ကို ရှာဖွေလို့ တွေ့ရှိစေမှာ ဖြစ်ပါတယ်။ မိမိရဲ့ Interest ဟာ ကာတွန်းစာအုပ်လည်း ဖြစ်ကောင်းဖြစ်မယ်။ Comic လည်း ဖြစ်ကောင်း ဖြစ်မယ်။ နိုင်ငံရေး အကြောင်းလည်း ဖြစ်ပါလိမ့်မယ်။ မိမိအနေနဲ့ Interset ဖြစ်ပါတယ် ဆိုတဲ့ Topic များကို စာအုပ်ထဲမှာ ချရေးပါ။ မိမိ interest ဖြစ်သမျှကို interest အဖြစ်ဆုံးကနေ အနည်းဆုံးအထိ ပါဝင်သမျှကို အကုန်ချရေးပါ။

မိမိအကြောင်းကို သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်များကို မေးပါ

မိမိ အနေနဲ့ ဘယ်အရာမှာ ထူးချွန်သလဲ။ ပိုပြီးတော့ သာလွန်အောင် လုပ်တတ်သလဲ ဆိုတာကို ဘေးက ကြည့်တဲ့လူတွေက ပိုပြီးတော့ မြင်ပါလိမ့်မယ်။ အဲ့ဒါ တကယ်ပါ။ မိမိကသာ မသိပေမယ့် မိမိနဲ့ နေ့သဓူဝ အလုပ်လုပ်နေတဲ့သူတွေက မိမိဟာ ဘယ်အရာကိစ္စကို စွမ်းဆောင်တဲ့အခါမှာ တော်ကြောင်း ထက်မြတ်ကြောင်း ထောက်ပြပါလိမ့်မယ်။ စာရေးသူဆိုရင် “အကို PR (Public Relation) လုပ်ပါလား” လို့တောင် တည့်တည့်ကြီး အပြောခံရဖူးပါတယ်။ သူကတော့ သဘောရိုးနဲ့ မိမိရဲ့ Strenghကို ထောက်ပြခြင်း ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကနေ မိမိကို ထောက်ပြသမျှ Strength အမျိုးအစားများကို သက်သက်ချရေးပါ။ interest အောက်မှာ မရေးပါနဲ့။ ဒီတော့ မေးနိုင်သမျှ မိမိနဲ့ အတူတူ လုပ်နေတဲ့ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်၊ အထက်လူကြီး၊ အောက်လူ၊ Boss အစရှိသဖြင့်တို့ကို မေးနိုင်ပါတယ်။

မိမိ စိတ်အားထက်သန်စွာ လုပ်နေတာ ဘာရှိသလဲဆိုတာ ဆန်းစစ်ပါ

မိမိလက်ရှိ အလုပ်လုပ်နေတယ်ဆို မိမိလုပ်နေတဲ့ အလုပ်မှာ ပြန်သုံးသပ်ကြည့်ပါ။ မိမိအနေနဲ့ မငြီးမငြူ၊ ပျော်ပျော်ရွှင်ရွှင်လုပ်နေတာ ရှိပါသလား။ အချိန်တွေ ကုန်သွားတာတောင်မှ ကုန်သွးမှန်း မသိအောင် လုပ်ဖြစ်သွားတာ တစ်ခုခု ရှိပါသလား။ စာရေးသူဆိုရင် Facebook တွေ၊ Website တွေပေါ်မှာ စာတွေရေးရင် အချိန်တွေကုန်လို့ကုန်မှန်း မသိအောင် လုပ်ဖြစ်သွားတဲ့အခါ ငါ စိတ်အားထက်သန်စွာ လုပ်ချင်တဲ့ အရာဟာ ဒါဘာလားဆိုတာကို သိရှိခဲ့ပါတယ်။ မိမိရဲ့ စိတ်အားထက်သန်မှုဟာ ဝါသနာ ပါမှုနဲ့ တိုက်ရိုက်လည်း တူညီချင်ကောင်းမှ တူညီပါလိမ့်မယ်။ မိမိ လက်ရှိလုပ်နေတဲ့ အလုပ် အမျိုးအစား ကိုလည်း စိတ်အားထက်သန်တယ်ဆိုရင် သူ့ကို Passion အောက်မှာ ထည့်ရေးပါ။ အကယ်၍ အခုအလုပ်ကိုတင် မက အရင်က အလုပ်ကိုပါ စိတ်အားထက်သန်ခဲ့တယ်။ အလုပ်ကို အလုပ်လို့တောင် မထင်ပဲ ပျော်ရတယ်ဆိုရင် ယင်း အလုပ်ကိုလည်း ထည့်ရေးပါ။ အလုပ် ရဲ့ Job nature ဖြစ်ပါတယ်။ ဥပမာ marketing ဆိုရင် marketing, accounting ဆိုရင် accounting ပြန်လည် ချရေးခြင်း ဖြစ်ပါတယ်။ Passion လုံးဝ မရှိခဲ့ဘူးဆိုရင်လည်း မချရေးပါနဲ့။

မိမိရဲ့ personality ကို ပြန်လည် သုံးသပ်ပါ

မိမိရဲ့  Interest, Strength နဲ့ Passion တို့ကို ချရေးပြီးပြီဆိုရင် နောက်တစ်ခု သုံးသပ်ရမှာက မိမိရဲ့ Personality type ဖြစ်ပါတယ်။ မိမိရဲ့ အကျင့်စရိုက်ကို ခွဲမယ်ဆိုရင် ခွဲခြားနည်း များစွာ ရှိပါတယ်။ ဒီမှာတော့ Type A, Type B ဖြင့်သာ ခွဲရအောင်။ Type A ဆိုတာ ရည်မှန်းချက်ကြီးတယ်။ ပြိုင်ဆိုင်လိုစိတ်ရှိတယ်။ အရမ်းတက်ကြွတယ်။ စိတ်သပ်မရှည်ဘူး။ တစ်ခုခုဆိုရင် sensitive ဖြစ်တယ်။ အလုပ်ကို အရမ်း ကြိုးစား လုပ်တတ်ကြတယ်။ သူတို့လိုလူဟာ Type A ဖြစ်ပါတယ်။ Type A လို လူမျိုးအတွက် အကောင်းဆုံး Career အနေနဲ့ စီးပွားရေးလုပ်ငန်း၊ အခြားလူတွေ မလုပ်သေးတဲ့ဟာတွေကို စတင်လုပ်ကိုင်ချင်တဲ့ စွန့်ဦးတီထွင်မှုဆိုင်ရာ လုပ်ငန်း၊ န်ိုင်ငံရေး၊ ဥပဒေချမှတ်ခြင်းဆိုင်ရာ လုပ်ငန်း၊ စီမံခန့်ခွဲမှုနှင့် ဦးစီးဦးဆောင်လုပ်မှုဆိုင်ရာတို့မှာ သူဟာ အားသာ ပါတယ်။ ဒီတော့ မိမိဟာ Type A ဖြစ်တယ်ဆိုရင် ယင်း အချက်များကို ချရေးပါ။ Type B ကတော့ Type A ရဲ့ ဆန့်ကျင့်ဘက် ဖြစ်ပါလိမ့်မယ်။ သူက ပြိုင်ဆိုင်မှုဟာ အနိုင်အရှုံးထက် ပြိုင်ရတာကို့သူ ကြိုက်နေတယ်။ Stress တွေ များတာကို မကြိုက်ဘူး။ လွတ်လပ်မှုကို လိုလားတယ်။ အဲ့ဒီလို အကျင့်စရိုက်ရှိတယ်ဆိုရင် မိမိဟာ Type B ဖြစ်ပါတယ်။ Type B အနေနဲ့ Artisitist ပိုဆန်ပြီး သူဟာ အနုပညာ နဲ့ ဖျော်ဖြေရေးဆိုင်ရာ အလုပ်များ၊ စကားများများပြောရတဲ့ မာကဲတင်းအလုပ်အမျိုးအစား၊ စာရေးရတဲ့ စာရေးဆရာ အဖြစ် အသက်မွေးမှု၊ ဆရာဝန်၊ ပရော်ဖက်ဆာ၊ ကွန်ပြူတာ Network, ကွန်ပြူတာ System Manager၊ တီထွင်ဆန်းသစ်မှုဆိုင်လုပ်ငန်း၊ လူမှုရေးဆိုင်ရာလုပ်ငန်း အစရှိသဖြင့် တို့နဲ့ အသင့်လျော်ဆုံး ဖြစ်ပါတယ်။ ဒီတော့ မိမိဟာ ဘယ် personal type မှာ ရှိလည်း ရှိတဲ့ဘက်က အရာများကို ချရေးပါ။ နောက်ထပ် တစ်နည်း ခွဲခြားမှုက ဘယ်ဘက်ဦးနှောက်သန်မှုနဲ့ ညာဘက်ဦးနှောက်သန်မှု ဖြစ်ပါတယ်။ ယင်းနည်းလမ်းဖြင့် ဘယ်သန်သူများဟာ မိမိဟာ ညာဦးနှောက်သန်သူများ အဖြစ်သိနိုင်ပြီး ညာဦးနှောက်သန်သများရဲ့ ဓလေ့စရိုက်နဲ့ လုပ်တတ်တာတွေကို ချရေးကြည့်နိုင်ပါတယ်။ ဒါက အခြားနည်းလမ်းတစ်ခုအနေနဲ့ ဥပမာပေးခြင်းသာ ဖြစ်ပါတယ်။


ဒီတော့ အထက်ပါ အချက်များကို သုံးသပ်ပြီးတော့ ချရေးလိုက်တဲ့အခါ တူညီတဲ့ဟာတွေကို တွဲပြီးတော့ ၁ကနေ ပြန်ရေတွက်ပါ။ အများဆုံးတူတာကို ပထမဆုံး အချက်ကနေ ရေးပါ။ ဥပမာ Interest မှာ Marketing နဲ့ ပက်သက်တဲ့ စာအုပ်ပါတာကြောင့် marketing လို့ ရေးထားပြီးရင် မိမိရဲ့ streng list ထဲမှာကော marketing ပါတယ်ဆိုရင် သူက နှစ်ခါတူသွားပါပြီ။ အကယ်၍ personality ထဲမှာလည်း တူတယ်။ စိတ်အားထက်သန်မှုမှာလည်း ပါတယ်ဆိုရင် သူဟာ ထိပ်ဆုံး ဖြစ်သွားပါပြီ။ အချို့အချက်တွေကျတာ့ ကွဲကောင်းကွဲနေပေမယ့် အမျိုးအစားတူနေပါလိမ့်မယ်။ ဥပမာ မိမိစိတ်ဝင်စားတဲ့ အကြောင်းရာက စာအုပ်ထဲမှာဆိုရင် သမိုင်းအကြောင်း ဖြစ်ပေမယ့် မိမိရဲ့ Strength မှာ စာသင်ခြင်း (teaching) ပါနေမယ်။ စိတ်အားထက်သန်တဲ့အထဲမှာလည်း ပါမယ်။ personality type မှာလည်း Tyep B ဖြစ်တယ်ဆိုတာ ဒါဟာ match လုပ်လို့ရပါတယ်။ သမိုင်းကို လေ့လာခြင်းဟာ စာပြန်လည်သင်ပေးခြင်းနဲ့ career မှာ အနီးစပ်ဆုံး ပြန်တွဲကြည့်လို့ ရပါတယ်။ တကယ်တန်းကျတော့ မိမိဝါသနာ ပါတာနဲ့ လုပ်ရတာနဲ့ တူကောင်းမှ တူပါလိမ့်မယ်။ ဥပမာ မိမိ ဝါသနာပါတာဟာ ဂီတာတီးတာဖြစ်ပေမယ့် ဂီတပွဲ တစ်ခုကို ဖြစ်မြောက်အောင် စီမံပေးရတာကိုလည်း စိတ်အားထက်သန်ကောင်း ထက်သန်နေပါလိမ့်မယ်။ ဒါဟာ event management, orangising skill ပေါ်မှာ သွားသက်ရောက်ပြီး ဝါသနာနဲ့လည်း သိပ်အလှမ်းမဝေးတာကြောင့် ဆက်စပ်နိုင်ပါတယ်။ မိမိဟာ အနုပညာဝါသနာပါတယ်။ လုပ်ရတဲ့အလုပ်က နည်းပညာအသစ်တွေကို တီထွင်တာ ဆိုရင် ဒါဟာ ဆက်စပ်လို့ရပါတယ်။ creation တစ်ခုကို အနုပညာတစ်ခုအဖြစ် ပြန်လည် ရှုမြင်ပေးလိုက်တဲ့အခါ match ဖြစ်သွားပါတယ်။ ဆိုလိုရင်းက မိမိအနေနဲ့ ဒါမှဒါလုပ်ချင်နေတယ်ဆိုတဲ့အဆွဲကို ဖြုတ်ပြီး သူ့နဲ့အနီးစပ်ဆုံး စိတ်ခံစားချက်တူအောင် လုပ်ယူလို့ရမယ့် အရာကို ပြန်လည်ရှာဖွေလို့ တွေ့တတ်အောင် ဖြစ်ပါတယ်။

အထက်ပါ exercise ကို ပြုလုပ်ဖို့အတွက် အချိန် ၁ နာရီလောက်တော့ ပေးသင့်ပါတယ်။ စိတ်မလောပဲ စိတ်အေးအေးထားပြီး သေချာ လုပ်ကြည့်တဲ့အခါ မိမိဘာလုပ်သင့်တယ်ဆိုတာ ပေါ်လာပါလိမ့်မယ်။ ယင်း ပေါ်လာတဲ့အချက်ကို အမိအရ ဆုပ်ကိုင်ပြီး စမ်းလုပ်ကြည့်ပါ။ ဒီနေရာမှာ အရေးအကြီးဆုံးက မိမိကိုယ်ကို မလိမ်ဖို့ ဖြစ်ပါတယ်။ မိမိကိုယ်ကို လိမ်ခဲ့ရင် မှန်ကန်တဲ့အဖြေထွက်လိမ့်မယ် မဟုတ်ပါဘူး။ တစ်ကနေ စပြီးတော့ များစွာ ချရေးစေခြင်းဟာ အကြောင်း ရှိပါတယ်။ လက်ရှိ မြန်မာပြည် အနေအထားနဲ့ မိမိ လုပ်ချင်တဲ့ဟာနဲ့ Feasible ဖြစ်မဖြစ်ကို လေ့လာခြင်း ဖြစ်ပါတယ်။ feasible ဆိုတာကတော့ တကယ်ရော လက်တွေ့ ကျင့်သုံး လုပ်လို့ရမရပေါ့။ career တိုင်းကို မြန်မာပြည်မှာ develop လုပ်ဖို့ မလွယ်တာကြောင့် ပထမ ဦးစားပေးကနေ စရေတွက်ပြီးတော့ အဖြစ်နိုင်ဆုံးကို လုပ်စေချင်ပါတယ်။ မိမိရဲ့ မိသားစု အခြေအနေ၊ အသက်အရွယ်၊ အချိန်ကာလ နဲ့ တိုင်းပြည် ဈေးကွက် အနေအထားပေါ်မှာ မူတည်ပြီးတော့ မိမိရဲ့ အလုပ်သင့်ဆုံးကို ယင်း စာရွက်ထဲကနေ ပြန်လည် ရှာဖွေပါ။ လုပ်ကြည့်ပါ။ အကယ်၍ လုပ်လို့မကြိုက်သေးရင် ပြန်ပြောင်းကြည့်ပါ။ စာရွက်ထဲက ရှိနေတဲ့ ဟာတွေအကုန်လုံးကို ကုန်အောင် လုပ်ပြီးတဲ့အထိ တစ်ခုမှ မဟုတ်သေးဘူးလို့ ခံစားနေမိရင်တော့ တစ်ခုခု မှားနေပါပြီ။ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ရတော့မှာ ဖြစ်ပါတယ်။

စာဖတ်သူ လူငယ်များအနေနဲ့ မိမိရဲ့ ဝါသနာပါရာ၊ စိတ်အားထက်သန်ရာ အလုပ်ဖြစ် ဘဝကို အောင်မြင်အောင် လျှောက်လမ်းနိုင်ပါစေ လို့ အကြံပေးရင်း နိဂုံးချုပ်လိုက်ရ ပါတယ်။

Ref: Life Hacker