Connecting to LinkedIn...

W1siziisijiwmtyvmdyvmjkvmdevnduvmtcvmzc3lzeymdg3mdq3xzy4odc1mjmwndu5ndewnv83mzm2otm2odgxmjyymze3mjc5x28uanbnil0swyjwiiwidgh1bwiilciyntywediwmcmixv0

လူမှန်နေရာမှန် ဖြစ်ဖို့လိုအပ် (Talent ကို မှန်ကန်သည့် နေရာတွင် အသုံချခြင်း)

Posted on 16/11/2015 by

W1siziisijiwmtuvmtevmtcvmtivmzavmzivnzgwl2nhcmvlci0xmte5mzjfmti4mc5qcgcixsxbinailcj0ahvtyiisijmwmhgymjbcdtawm2uixv0

ကျွန်တော်ဟာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ မွေးဖွားပေမယ့် အောင်ပန်းမြို့မှာ ကြီးပြင်းပါတယ်။ သူငယ်တန်းကနေစလို့ ရှစ်တန်းအထိ ကျောင်းတက်တာကျတော့ ရှမ်းပြည် မြို့ငယ်လေး တစ်ခုမှာ ဖြစ်ခဲ့ ပါတယ်။ ကျွန်တော်ဟာ လူတော်တစ်ယောက် မဟုတ်ပါဘူး။ ဒါပေမယ့် ကြိုးစားတဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက စာဆိုတာ ကျက်ရမယ့်အရာလို့ သိထားပြီး အမြဲ ကျက်မှတ်ခြင်းကြောင့် သူငယ်တန်းကနေ သုံးတန်းလောက်အထိ အဆင့် ၁၊ ၂၊ ၃ ကို ရပါတယ်။ လေးတန်းအရွယ်ရောက်တဲ့အချိန်မှာ ကျူရှင်မတတ်ပါဘူး။ ၄ တန်းတစ်နှစ်ကို ကျူရှင်မတတ်ပဲ ဖြတ်သန်းတဲ့အခါ စာကို ကျောင်းမှာ မလိုက်နိုင်တဲ့ ပြဿနာ ဖြစ်ရပါတယ်။ ကျောင်းကနေပြန်လိုက်တိုင်း ကျူရှင် စာကျက်ဝိုင်းတွေမှာ သူငယ်ချင်းတွေ စာကျက်၊ စာတွက်နေတာကို မြင်ပြီး အားကျ၊ အားငယ်ခဲ့ဖူးပါတယ်။


မိဘက ဆင်းရဲတာကိုး။ ကိုယ်နဲ့အတူပဲ ကျူရှင်မတတ်န်ိုင်တဲ့ ရပ်ကွက်ထဲက ကလေးတွေနဲ့ ပေါင်းမိပြီး ကျောင်းပြန်ရောက်ရင် စာမလုပ်ဖြစ်ပဲ ဆော့နေမိပါတယ်။ အဲ့ဒီမှာ စာမေးပွဲတွေကျပါလေရော။ ငါးတန်းတစ်နှစ်လည်း ညံ့ဖျင်းစွာ ဖြတ်သန်းခဲ့ရ ပါတယ်။ ၆ တန်းနှစ် ရောက်တဲ့အချိန်မှာတော့ မိဘက ကျူရှင်ပြန်ထားပေးနိုင်တာကြောင့် အဆင့် ၁၆ ဝန်းကျင်လောက်အထိကို အတန်းထဲမှာရအောင် ပြန်ယူခဲ့နိုင်တာကြောင့် စိတ်အနည်းငယ် ဖြေသာနိုင်ခဲ့ ပါတယ်။ ဒါပေမယ့် ထူးချွန်၊ ဘက်စုံတွေ ခေါ်လိုက်တိုင်း ကိုယ်မပါတဲ့အခါ ဝမ်းနည်းပြီး စိတ်အားငယ်ကျန်ခဲ့ရစမြဲပါပဲ။ ကျွန်တော့အနေနဲ့ အတန်းပိုင်ဆရာမ ဆီမှာ ကျူရှင်မတတ်တာကြောင့် စာမေးပွဲ မေးခွန်းမရပဲ အပုဒ်ပြည့်ကျက်ရတာမျိုး၊ သင်္ချာဥာဏ်စမ်းတွေ ကြိုးစားဖြေရတာမျိုးတို့ ရှိပါတယ်။ သင်္ချာကိုတော့ ကိုယ်ဟာ ပိုလို့ တွက်ချက်နိုင်တာကြောင့် မကြောက်ရွံ့ခဲ့ ပါဘူး။ အမြဲတမ်း အမှတ် ၉၀ ကျော် ရတဲ့ ဘာသာရပ်လည်း ဖြစ်ပါတယ်။ ကျူရှင်ကို အခြားအတန်း၊ အခြားကျောင်းက ဆရာမ ဆီမှာ တက်တာကြောင့် မေးခွန်းမရတာမျိုးတို့ ရှိခဲ့ခြင်း ဖြစ်ပါတယ်။ 


၇ တန်း နဲ့ ၈ တန်း ရောက်တဲ့အခါမှာလည်း ကျူရှင်တတ်ပါတယ်။ ကျူရှင်တက်တော့ အတူပေါင်းဖြစ်တဲ့ မိတ်ဆွေ သူငယ်ချင်းများစွာ ရှိပါတယ်။ ခိုင်လင်းလို့ အမည်ရတဲ့ သူငယ်ချင်းနဲ့ သူဇာလို့ အမည်ရတဲ့ သူငယ်ချင်းနှစ်ဦး မှတ်မှတ်ရရ ရှိပါတယ်။ သူတို့ နှစ်ယောက်ဟာ ကျွန်တော့ထက် တော်ပါတယ်။ ဘာလို့လဲဆို ကျွန်တော့အနေနဲ့ ၁ နာရီပေးလို့ စာကျက်ရရင် သူတို့ အတွက်က မိနစ် ၂၀ လောက်နဲ့ ကျက်နိုင်ပါတယ်။ ကျွန်တော် နာရီဝက် အချိန်ပေးရရင် သူတို့ဟာ ၁၀ မိနစ်နဲ့ ရပါတယ်။ ကိုယ့်မှာ ထူးခြားချက်တစ်ခုက ဝိရိယ ကြိုးစားအားထုတ်မှုတစ်ခုသာ ဖြစ်ပြီး မှတ်ဥာဏ်စွမ်းပကား၊ ဖြတ်ထွန်းဥာဏ်အားဖြင့် ကြည့်မယ်ဆိုရင်တော့ သူတို့ နှစ်ယောက်ကို မမှီပါဘူး။ ဒါပေမယ့် စာမေးပွဲတွေဖြလို့ အဆင့်တွေရတဲ့အခါ အဆင့်များက မတိမ်းမယိမ်း ဖြစ်ပါတယ်။ ကိုယ်က သူတို့ထက်သာတဲ့အခါရှိတယ်။ သူတို့ နှစ်ယောက်က သာတဲ့အခါ ရှိပါတယ်။ ခိုင်လင်းနဲ့ ကိုယ်ကတော့ ယောင်္ကျားလေးတွေ ဖြစ်တဲ့အတွက် မပြိုင်ပါဘူး။ သူဇာဟာလည်း အခြား မိန်းကလေးများလို အပြိုင်အဆိုင် မရှိပါဘူး။ သူဇာဟာ ဆင်းရဲပါတယ်။ မိဘက ဝက်မွေးပြီး ဘုန်းကြီးကျောင်းတွေမှာ စာကြွင်းစာကျန်များကို သူဇာကိုယ်တိုင်လည်း သွားယူလို့ ဝက်စာကျွေးရပါတယ်။ သူ့မှာ စာကျက်ချိန် သိပ်မရ ပါဘူး။ ခိုင်လင်းက ငွေကြေးအဆင်ပြေတဲ့ မိဘက ပေါက်ဖွားပါတယ်။ ဒါကြောင့်မို့ သူဟာ ဆိုင်ကယ်နဲ့ လျှောက်လည်၊ ဂိမ်းဆော့ရတာကို နှစ်သက် ပါတယ်။ ကျွန်တော်ကတော့ မဆင်းရဲ၊ မချမ်းသာ ဖြစ်တာကြောင့် အိမ်ရောက်ရင် စာအေးဆေး ပြန်ကျက်နိုင်တဲ့ အနေအထားတော့ ရှိပါတယ်။ 


၈ တန်းပြီးတော့ ကျွန်တော်ဟာ ဖခင်ရဲ့ ကျေးဇူးကြောင့် ရန်ကုန်မြို့ကို ရောက်ရ ပါတယ်။ ဖခင်ဟာ ကျွန်တော် ၆ တန်းကတည်းကစလို့ ရန်ကုန်မြို့သို့ စီးပွားရေးလုပ်ရန် သွားရောက်ခဲ့သူ ဖြစ်ပါတယ်။ နယ်ဘက်မှာပဲ စာအရမ်းလုပ်ကြတယ်လား မသိ၊ ရန်ကုန်ရောက်တော့ တာမွေက အထက်တန်းကျောင်း တစ်ခုကို တက်ရပါတယ်။ အီးကို ဘာသာရပ်ကိုယူပြီး တက်တဲ့အခါ ကိုယ်ဟာ အခန်းထဲမှာ အဆင့် ၁ ပုံမှန်ရသူ ဖြစ်လာ ပါတယ်။ ၁၀ တန်းရောက်တော့လည်း ဒီတိုင်းပါပဲ။ အခန်းထဲမှာ အဆင့် ၁ ရပါတယ်။ ဒါပေမယ့် ယင်း ရလဒ်များအပေါ်ကို မခုံမင်ပါ။ ၉ တန်း၊ ၁၀ တန်းဟာ အစိုးရစစ် ဖြစ်တာကြောင့် အတန်းပိုင်ဆရာမတွေဆီမှာ တက်စရာမလိုပဲ အပြင်ကျူရှင်များတက်ပြီး အပြင်ကျူရှင်များရဲ့ သင်ကြားပေးမှုဟာ မိမိကို တကယ်ပဲ တက်မြောက်စေ ပါတယ်။ ၉ တန်း၊ ၁၀ တန်းကို အကောင်းဆုံး ကျော်ဖြတ်ပြီး ဆယ်တန်းကို ဂုဏ်ထူး လေးဘာသာရခဲ့ ပါတယ်။ ဆယ်တန်းပြီးတော့ နယ်မြို့ကို ပြန်ဖြစ်တဲ့အခါမှာတော့ ပြောင်းလဲမှုတွေကို တွေ့ရ ပါတယ်။ အဓိကကတော့ သူငယ်ချင်းတွေမှာပေါ့။ 


သူဇာဟာ မိသားစုရဲ့ အိမ်အလုပ်ကို ရုန်းကန်လုပ်ရပြီး ခိုင်မင်းက အပေါင်းအသင်းနဲ့ ပျော်ပါတယ်။ ကျွန်တော်ပြန်ရောက်ချိန်မှာတွေ့ရတော့ သူနဲ့ ပြန်ပေါင်း ဖြစ်ပါတယ်။ သူက ပြောတယ်။ ရန်ကုန်လိုက်ခဲ့ ပါရစေတဲ့။ ရန်ကုန်မှာ တက္ကသိုလ်တက်ပြီးတော့ အလုပ်တွေကြိုးစားချင်တယ်တဲ့။ ကျွန်တော်ကတော့ တက္ကသိုလ်ကျောင်းကောင်းကောင်းရွေးပြီးတော့ ပညာကို အာရုံစိုက်ဖို့လုပ်ချိန် သူကတော့ ပညာနဲ့ အလုပ်ကို တွဲလုပ်ချင်သူ ဖြစ်ပါတယ်။ ကျွန်တော်ဟာ ရန်ကုန်မှာ မိဘနဲ့အဆင်ပြေလွန်းသူလည်း မဟုတ်တာကြောင့် သူ့ကိုခေါ်ဖို့က အဆင်မပြေပါဘူး။ ကျွန်တော်ဟာ အိမ်ပိုင်သူတစ်ယောက် မဟုတ်ပဲ မိဘရဲ့ ထောက်ပံ့နဲ့ နေရသူမို့ ဖြစ်ပါတယ်။ ကျွန်တော် သူ့ကိုလည်း အဲ့ဒီကိစ္စ မပြောထွက်ပါဘူး။ ကျွန်တော့အပေါ် ပိုင်သေတွက်ပြီးတော့ သူ့ဘာသူ plan နေလို့ ဖြစ်ပါတယ်။ သူ့မိဘတွေကလည်း သူ့ကို ငွေပုံမှန်ပို့ပေးမတဲ့။ ကျွန်တော်ဟာ သူ့ကို မကူညီနိုင်တာကြောင့် ယာယီပြန်ရောက်တဲ့အချိန်မှာ ရန်ကုန်ကို တိတ်တဆိတ် ပြန်ခဲ့ပါတယ်။ ဝမ်းလည်း နည်းပါတယ်။ ကျွန်တော့ သူငယ်ချင်းကို မကူညီနိုင်ခဲ့ လို့ပေါ့။ သူဇာကတော့ အဲ့ဒီလိုတွေ မမျော်မှန်းပါဘူး။ သူဇာဟာ ဆယ်တန်းကို အမှတ်ရိုးရိုးနဲ့ပဲ အောင်ပါတယ်။ သူဟာ ကျူရှင်မတတ်ပဲ နယ်မြို့လေးမှာ သူ့ဘာသူ ကြိုးစားဖြေခဲ့သူ ဖြစ်ပါတယ်။ တက္ကသိုလ် ဆက်မတတ်ပါဘူး။ အသက် ၁၈ ပြည့်တာနဲ့ အိမ်ထောင်ကျပါတော့တယ်။ 


ကျွန်တော်ကတော့ ရေကြောင်းကောလိပ်ကနေ အင်ဂျင်နီယာဘွဲကို ယူပြီးတော့ သင်္ဘောမလိုက်ဖြစ်ပဲ အိုင်တီအလုပ်အပေါ်မှာ ဇောက်ချလုပ်ရင်း သင်္ဘောသား လက်မှတ်ကို နှမြောစရာမလိုတဲ့ အခြေအနေ တစ်ခုကို ရောက်လာပါတယ်။ အောင်ခမ်း (ရိုးရာလေး) အမည်နဲ့ စာတွေကို အွန်လိုင်းမှာ ရေးပြီး အခြားသော အလုပ်များကိုလုပ်ရင်း ကိုယ်ပိုင် အလုပ်များလည်း နိုင်ငံတကာနဲ့ ချိတ်လို့လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရည်မှန်းချက် အကောင်အထည်တော့ မပြည့်သေးပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းက မဲပေးဖို့အတွက် နယ်ဘက်ကို ပြန်ပါတယ်။ ကျွန်တော် မတွေ့ဝံ့တဲ့ ခိုင်လင်း တစ်ယောက် ဘာတွေလုပ်နေလဲသိချင်လို့ သူငယ်ချင်းအချို့ကို မေးကြည့်တော့ တက္ကသိုလ်ကိုလည်း တစ်ဝက်တစ်ပြတ်နဲ့နားပြီးတော့ အခု ကားလိုင်းတစ်ခုမှာ ဒရိုင်ဘာလုပ်နေပါတယ်တဲ့။ အိမ်ထောင်လည်းကျသွားပြီ ဖြစ်ပါတယ်။ သူ့အသက်က ၂၅ ပဲရှိပါအုံးမယ်။ သူဇာကတော့ ကလေး တစ်ယောက် မိခင်ဖြစ်ပြီးတော့ ဟင်းသီးဟင်းရွက် ရောင်းတဲ့ အလုပ်ပဲလုပ်ပါတယ်။ သူ့ဆီတော့ ကျွန်တော်လည်ရဲပေမယ့် မအားလို့ မသွားဖြစ်ခဲ့ဘူး။ ကျွန်တော့မှာ နယ်မြို့ငယ်လေးက သူငယ်ချင်းပေါင်း ၁၀ ယောက်ကျော်လောက်တွဲခဲ့တာ ရှိပေမယ့် သူတို့ ၂ယောက်ပေါ် ပိုလို့တွဲဖြစ်ပါတယ်။ ကျန်တဲ့သူငယ်ချင်းထဲမှာ တရုတ်လူမျိုး မိသားစုကနေ ဖွားတဲ့ တစ်ယောက်က ကျွန်တော့ထက် တော်ပါတယ်။ မိန်းကလေးတစ်ဦးပါ။ သူကတော့ ဂုဏ်ထူး ၆ ဘာသာထွက်ပြီး အမေရိကန်မှာ ကျောင်းသွားတတ်ပါတယ်။ သူ့ရည်မှန်းချက်ကတော့ အမေရိကန်မှာ ကျောင်းတက်သော်ငြားလည်း နယ်မြို့မှာပဲ ဆေးဆိုင်ဖွင့်မလို့ပါ။ နောက်တစ်ယောက်ကတော့ ဂုဏ်ထူးသုံးဘာသာထွက်ပြီး အမှတ်သိပ်မများတာကြောင့် ဆေးဘက်ဆိုင်ရာတက်ပြီး မိဘရဲ့ ကုန်စည်ပွဲရုံကို နယ်မြို့မှာပဲ ပြန်လုပ် ပါတယ်။ နောက်တစ်ယောက်က မန္တလေးမြို့မှာ ဆေးဝါးကျွမ်းကျင်တတ်ပြီးတော့ နယ်မြို့မှာ ရိုးရာပစ္စည်းနဲ့ သီးနှံထွက်ကုန်များကို နိုင်ငံတကာ export လုပ်တဲ့အလုပ်ကို မိဘဆီကနေ လက်လွဲယူပြီး ဦးစီးလုပ်ပါတယ်။ ဒီလိုပဲ သူငယ်ချင်းများစွာ ရှိပါတယ်။ 


သူတို့အားလုံးရဲ့ အခြေအနေကို မြင်ပြီးတဲ့အခါ ကျွန်တော်ဟာ အတွေးတစ်ခု ရလိုက်ပါတယ်။ ယင်းကတော့ လူမှန်နေရာမှန်ပဲ ဖြစ်ပါတယ်။ တောင်ကြီးကိုလည်း သွားလည်ဖြစ်ပါတယ်။ တောင်ကြီးမှာ အေ

ဒါ်ရှိပါတယ်။ သူ့သားဟာ မူကြိုကျောင်းတက်တဲ့အရွယ်ပဲ ရှိပါသေးတယ်။ သူများတွေ A,B,C,D,E 1,2,3,4 ကို ရေတွက်၊ မမှတ်နိုင်သေးတဲ့အချိန်မှာ ကျွန်တော့ညီဝမ်းကွဲလေးဟာ အကုန်လုံးကို အလွတ်ရ ပါတယ်။ မှတ်ဥာဏ်အင်မတန်ကောင်းပြီး ဥာဏ်ကောင်းတဲ့ စရိုက်တွေကို လေ့လာမိပါတယ်။ သူ့အမေ၊ ကျွန်တော့အဒေါ်ကတော့ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောတယ်။ ငါ့သားဟာ လူတော်၊ တစ်နေ့ကျ အောင်မြင်မယ့်သူ ဖြစ်မယ်တဲ့။ ကျွန်တော့ သူ့ကို တစ်ခွန်းပဲ ပြန်ပြောခဲ့တယ်။ လူမှန်နေရာမှန် ဖြစ်ဖို့လိုအပ်တယ်လို့။ ကလေးဟာ တကယ်ပဲ တော်နေပါတယ်။ တော်သလောက် တစ်ဖက်မှာ ဂျစ်ကန်ကန် စရိုက်လေး တွေ့ရ ပါတယ်။ ယင်းစရိုက်က ဘာဖြစ်စေသလဲဆို သူ မလုပ်ချင်တာကို အတင်းအကြပ်ခိုင်းရင် ပြန်အာခံတတ်တာမျိုးတို့ ဖြစ်ပါလိမ့်မယ်။ ဥပမာ စာမလုပ်ချင်တာကို အတင်းလုပ်ခိုင်းရင် မလုပ်တော့တာမျိုး၊ သူ မလေ့လာချင်တဲ့ အရာ တစ်ခုကနေ ငြီးငွေ့ပြီးတော့ မလုပ်တော့တာမျိုးတို့ ဖြစ်နိုင်ပြီး အရွဲ့တိုက် နေထိုင်မှုကြောင့် ကျောင်းစာ ပညာရေးမှာ အားနည်းသွားနိုင်ပါတယ်။ အဆိုးဆုံး ကတော့လူတော်မဖြစ်ပဲ လူဆိုး ဖြစ်မှာကို အင်မတန် စိုးရိမ်ရ ပါတယ်။ ဒါကြောင့်မို့ ကျွန်တော် သူ့ကို အကြံပေးလိုက်တယ်။ အဒေါ့်သားကို ကျောင်းထားမယ်ဆိုရင် သေချာ ရွေးပါလို့။ စာအတင်းကျက်ခိုင်း၊ သည်၊ ၏ မလွဲ ရေးခိုင်းတဲ့ ကျောင်းမျိုးမှာ မထားပါနဲ့လို့။ သူတို့ကလည်း ပိုက်ဆံ ရှိတာကိုး။ 


လက်တွေ့ ဘဝ သင်ခန်းစာ 


ကျွန်တော်တို့ လူ့လောကကြီးမှာ လူမှန် နေရာမှန် ဖြစ်မနေတာတွေ အများကြီးမှ အများကြီးပါ။ မိမိဟာ ဘယ်နေရာမှာ Talent ရှိတယ်ဆိုတာကို မသိတာ ရှိတယ်။ အချို့က သိတယ်။ ယင်း Talent ကို ဘယ်လို ဆက်ပြီးတော့ မွမ်းမံရမယ်ဆိုတာကို မသိဘူး။ အချို့က မွမ်းမံရမှာကိုတော့ သိတယ်။ ယင်းသို့ မွမ်းမံရန် အနောက်ကနေ မိဘတွေက မထောက်ပံ့ပေးနိုင်ဘူး။ အချို့ကျတော့ မိဘတွေက သားသမီး ဖြစ်ချင်တာထက် မိဘ အတ္တနဲ့ ဖြစ်ချင်တာကို ပုံသွင်းယူကြ ပါတယ်။ ကျွန်တော့ သူငယ်ချင်း ခိုင်လင်းနဲ့ သူဇာဟာ ကျွန်တော့ထက် အများကြီး တော် ပါတယ်။ စာကျက်ရင် မြန်တယ်။ သင်္ချာတွက်ရင်လည်း အရမ်းခက်တဲ့ ဥာဏ်စမ်းတွေ ကျွန်တော့ထက် ပိုဖြေနိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ဟာလည်း ရေကြောင်း ကောလိပ်တက်ခဲ့ပေမယ့် သင်္ဘောသား အရာရှိ မဖြစ်ခဲ့ပဲ အွန်လိုင်းမှာ လုပ်တဲ့ မာကဲတာ တစ်ယောက် ဖြစ်လာခဲ့ ပါတယ်။ ကျွန်တော်ကတော့ ယခုချိန်မှာ နေရာမှန် တွေ့သွားပြီလို့ကျွန်တော်ခံစားရပါတယ်။ ဘာလို့လည်းဆို ကျွန်တော် ပျော်တယ်။ နေ့မှန်း၊ ညမှန်း မသိအောင် မနားတမ်း အလုပ်လုပ် နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ချစ်တဲ့ သူငယချင်း နှစ်ယောက် သူတို့ ဘဝဟာ နယ်မြို့မှာ သူတို့ မကြီးချင်လည်း ကြီးရတယ်။ သူတို့ မလုပ်ချင်လည်းလုပ်ရတယ်။ တစ်ယောက်က ကားမောင်းတယ်။ တစ်ယောက်က ကလေးထိန်းပြီး ဟင်းရွက်တွေ ရောင်းတယ်။ ကျွန်တော် ရင်နာတယ်။ သူတို့လိုပဲ တစ်တိုင်းတစ်ပြည်လုံးမှာ လူမှန် နေရာမှန် မရောက်ပဲ အလွဲလွဲ အမှားမှား ဖြစ်နေသူတွေ အများကြီးပဲ။ ဆရာဝန်တွေဟာ အဆိုတော် ဖြစ်လာတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေဖြစ်လာတယ်။ သမိုင်းတက်တဲ့သူတွေ သမိုင်း မသိဘူး။ ဘူမိဗေဒ တက်တဲ့သူတွေ ဘူမိ အကြောင်း မသိဘူး။ ရူပဗေဒ တက်တဲ့သူတွေ ရူပဗေဒ အကြောင်း မသိဘူး။ အားလုံးကို မဆိုလိုပါ။ အချို့ ဖြစ်ပျက်နေမှုများ ဖြစ်ပါတယ်။ လူတော်ရှိတယ်။ လူညံ့ ရှိတယ်။ လူတော်ဟာ သူနဲ့သင့်လျော်တဲ့နေရာကို မရောက်ရင် မတော်တော့ပဲ ညံ့သွားရ ပါတယ်။ လူညံ့ဟာ နေရာမှန်ကို ရောက်သွားရင် အထိုက်အလျောက်နဲ့ အဆင်ပြေ ကောင်းမွန်တဲ့ အဆင့်တစ်ခု၊ ဘဝတစ်ခုကို ပိုင်ဆိုင်ရပါတယ်။ လူညံ့သာ မမှန်ကန်တဲ့ နေရာ အမှား တစ်ခုကို ရခဲ့ရင် သူ့အတွက်လည်း ဆိုးကျိုးဖြစ်သလို ပတ်ဝန်းကျင် အတွက်လည်း ဆိုးကျိုး ဖြစ်ပါတယ်။ 


လူတော်တွေ သူတို့အတွက် မှန်ကန်တဲ့ နေရာမှန်ကို မရောက်ရင် သူ့အတွက်လည်း နစ်နာ သလို တိုင်းပြည်အတွက်လည်း နစ်နာပါတယ်။ ပညာရေး ဆိုတာ တိုင်းပြည်ရဲ့ လူ့အစွမ်းအား အရင်းမြစ်ကို မြင့်တင်စေရန် စွမ်းဆောင်တဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပြီး ပညာရေး စနစ်ကြီးကိုချည်း အပြစ်ပုံလို့မရပါ။ အသက် ၁၈ နှစ် မပြည့်သေးခင် အတွေး နုနယ်သေးတဲ့ ကလေးတွေကို ထိန်းကျောင်း ကွပ်ကဲ ပေးတဲ့ မိဘတွေမှာလည်း တာဝန်အပြည့်အဝ ရှိပါတယ်။ ကလေးတွေကို ငယ်ငယ်လေးကတည်းက စာများများ ဖတ်အောင် အားပေးသင့်ပါတယ်။ ကစားချင်တဲ့ ကလေးကိုလည်း မတားရဘူး။ ကလေးကို လိုတာထက် ပိုဂရုစိုက်တဲ့အခါမှာလည်း ကလေးကို တစ်ကိုယ်တည်း မရပ်တည်တတ်တော့အောင် ခြေထောက်ကို ရိုက်ချိုးလိုက်တာနဲ့ အတူတူပါပဲ။ လူ့စွမ်းအား အရင်းအမြစ် Foundation ကို ချတဲ့အခါမှာ ကျောင်း ပညာလည်း အရေးကြီးသလို မိဘ ပညာရေးလည်း အရေးကြီးပါတယ်။ မိဘ ပညာရေးဆိုတာ မိဘရဲ့ ထိန်းကျောင်း ကွပ်ကဲမှု ပုံစံ ဖြစ်ပါတယ်။ ကမ္ဘာမှာ လူပေါင်း ဘီလျံနဲ့ချီပြီးတော့ ရှိပေမယ့် တစ်ယောက်နဲ့တစ်ယောက် ဥာဏ်ရည်မတူပါဘူး။ တွေးခေါ်မှုချင်း မတူပါဘူး။ ခံစားချက်ချင်း မတူပါဘူး။ မတူညီသူတွေကို မတူညီတဲ့ မိဘတွေက အုပ်ချုပ်ကွပ်ကွဲပါတယ်။ မတူတဲ့ ပညာရေးကို စားသုံးစေ ပါတယ်။ ထိန်းကျောင်းမှု ကောင်းတဲ့ မိဘလက်အောင်မှာ ကြီးပြင်းရတဲ့ ကလေးဟာ ကံကောင်းပါတယ်။ ဘာလို့လဲဆို ကလေးရဲ့ အနာဂတ်ဟာ ကောင်းသွားမှာမို့ ဖြစ်ပါတယ်။ 


ယခု စာဖတ်နေသူဟာ အသက် ၁၈ နှစ်ပြည့်ပြီးသွားတဲ့ အရွယ်ရောက်ပြီး Adult တစ်ယောက်ဖြစ်နေပါလိမ့်မယ်။ ဒါဆိုရင် ဘယ်လိုလုပ်မလဲ။ ကိုယ်ဟာ ကလေးဘဝကို ဖြတ်သန်းခဲ့ပြီးပြီ။ ယခုမှ မိဘကို အပြစ်တင်ပြီးတော့ ပြန်ထိန်းကွပ်ခိုင်းလို့မရပါ။ အချိန်တွေ နောက်ပြန်ဆွဲလည်း မဖြစ်နိုင်ပါ။ မိမိ လုပ်ဆောင်ရမှာက နှစ်ခုပဲ ရှိပါတယ်။ တစ်ခုက လူမှန်အောင် ကြိုးစားရပြီး နောက်တစ်ခုက နေရာမှန် ရောက်အောင် ဖြစ်ပါတယ်။ လူမှန်အောင် ဆိုတာ မိမိ်ရဲ့ စိတ်ပါတဲ့ ပညာ၊ ဝါသနာပါတဲ့ ပညာကို ဆည်းပူးခြင်း၊ စိတ်ပါတဲ့ ဝါသနာ ပါတဲ့ အလုပ်ကို လုပ်ကိုင်ခြင်း ဖြစ်ပါတယ်။ ယင်းအချက်ကို မှန်အောင် အရင်လုပ်ရပါမယ်။ မိမိ်ရဲ့ Skill ကိုလည်း မှန်ကန်အောင် Development လုပ်ပြီးရင် နေရာမှန် ရွေးရပါတော့တယ်။ သင်ဟာ အင်တာနက် စီးပွားရေး အလုပ်ကို ကျွမ်းကျင်ရင် နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်ရမှာကြောင့် ရန်ကုန်မှ တစ်ပါး အခြားနယ်မြို့ကနေ သင်လုပ်ဖို့ ခက်ခဲ ပါတယ်။ ဒါကြောင့်မို့ နေရာမှန်ဖြစ်တဲ့ ရန်ကုန်ကိုလာရ ပါတယ်။ ကျွန်တော့ သူငယ်ချင်း နှစ်ယောက် လူကတော့ ထူးချွန်ကြပေမယ့် နေရာမှန် မရောက်ခဲ့ကြ ပါဘူး။ ဒါကြောင့်မို့ သူတို့ရဲ့ စွမ်းရည်တွေကို နေရာမှန် အသုံးချခွင့်မရတာကြောင့် တိမ်ကောရပါတယ်။ ဒါဟာ ဆုံးရှုံးနစ်နာမှုကြီး တစ်ခုပါပဲ။ မိမိရဲ့ အရည်အချင်းကို မှန်ကန်အောင် မြင့်တင်လို့ နေရာမှန်မှာ ကြိုးစားလို့ လောကအကျိုး ဆထက်တိုးလို့ သယ်ပိုးနိုင်ကြပါစေ။ 


အောင်ခမ်း