ဝန်ထမ်းတစ်ယောက်ဖြစ်လာတဲ့အခါ လစာရမယ့်ရက်ကို သူသူကိုယ်ကိုယ် မျှော်တတ်ကြပါတယ်။ ချမ်းသာတာ၊ ဆင်းရဲတာနဲ့မဆိုင်ဘဲ ကိုယ့်လုပ်အားနဲ့ရလာတဲ့ ပိုက်ဆံမို့အားလုံးက တန်ဖိုးထားကြပါတယ်။ SME, Local Company, Multinational Company စသဖြင့် ကြီးကြီး၊ သေးသေး၊ အလတ်စားပဲဖြစ်ဖြစ်၊ လစာကိုအချိန်မီ မပေးလိုက်နိုင်တာမျိုး အနည်းဆုံးတစ်ခေါက်၊ နှစ်ခေါက် စသဖြင့် ကြုံဖူးကြလိမ့်မယ်လို့ထင်ပါတယ်။ တစ်ခါတစ်လေ ပိုင်ရှင်ကြောင့်၊ HR ကြောင့်၊ ဝန်ထမ်းကြောင့်၊ နိုင်ငံရေးရာကြောင့်၊ ဘတ်ဂျက်ကြောင့် စတဲ့ အကြောင်းတွေပေါ် မူတည်ဲပီး Pay Day ဟာ ရက်ရွှေ့သွားတာမျိုး ရှိတတ်ပါတယ်။ ဒါဟာ တစ်ဦးတစ်ယောက်တည်းက ထိန်းချုပ်ဖြေရှင်းလို့ ရတဲ့အရာမျိုးမဟုတ်တဲ့အတွက် ဖြစ်လာတဲ့အပေါ်မှာ အကောင်းဆုံးစီမံခန့်ခွဲတတ်ဖို့ Tips လေးတွေ ပေးသွားမှာ ဖြစ်ပါတယ်။
၁။ လစာကို ၃ပိုင်းခွဲပါ။
ကိုယ့်လက်ထဲ ပိုက်ဆံရောက်လာတဲ့အခါ စိတ်ထဲမှာ ၃ ပုံ ပုံကြည့်ပါ။ ပထမတစ်ပုံက ပေးကိုပေးရမယ့် ပိုက်ဆံ ဥပမာ အိမ်စရိတ်၊ စားစရိတ်၊ နေစရိတ် စသဖြင့်ပေါ့။ ဒုတိယတစ်ပုံက ကိုယ်သုံးချင်တဲ့ ပိုက်ဆံ ဥပမာ အဝတ်အစားဝယ်ဖို့၊ Night out ဖို့၊ ခရီးသွားဖို့ စသဖြင့်ပေါ့။ နောက်ဆုံးတစ်ပုံကတော့ လွတ်လွတ်ကင်းကင်း ချန်ထားလို့ရတဲ့ ပိုက်ဆံ ဖြစ်ပါတယ်။ အဲဒီ ၃ခုကို ကောင်းကောင်းမွန်မွန်သိမှ စီမံခန့်ခွဲတဲ့အပိုင်းကို ဆက်သွားလို့ရမှာပါ။ သုံးလိုက်မယ်ကွာ... ကုန်သွားရင် တစ်ယောက်ယောက်ဆီက ယူလိုက်မယ်ဆိုရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ တခြားလူဆီက ပိုက်ဆံမချေးရဘူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့် ဒါဟာလစဉ်လိုလို ဖြစ်နေရင်တော့ မဟုတ်သေးဘူးပေါ့နော်။ ကျန်းမာရေး၊ လူမှုရေး အရေးပေါ်ကြောင့် ငွေလိုအပ်လာလို့ ဆိုရင်တော့ ချွင်းချက်ပေါ့။
၂။ လစာကို အပိုင်မတွက်ပါနဲ့။
Gross လစာ ၁၀ သိန်းရတယ်ဆိုပါစို့။ တကယ်တမ်း လစာရတဲ့အခါ ၁ဝသိန်းအပြည့်မရပါဘူး။ တာဝန်သိပြည်သူဆိုရင် ဝင်ငွေခွန်ရယ်၊ SSB ရယ် ဆောင်ရဦးမှာပါ။ ပြီးတော့ အလုပ်ဝင်ခါစ အစမ်းခန့်ဝန်ထမ်းဆိုရင် ရက်တွက်နဲ့ပဲရမှာဖြစ်တဲ့အတွက် ပျက်ရက်ရှိရင် ထပ်အဖြတ်ခံရဦးမှာပါ။ ဒါတွေကို မေ့လျော့ပြီး လစာထုတ်မှ HR ကို သွားမဲလို့ မရပါဘူး။ သူဖြတ်တာလည်း မဟုတ်ပါဘူး။ နိုင်ငံတော်ကို ဆောင်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလျော့ပြီးရနိုင်မယ့်ပမာဏကို ကြိုတင်ပြီးမျှော်လင့်ထားသင့်ပါတယ်။ အထူးသဖြင့် နှစ်ကုန်လို့ဆောင်ခဲ့သမျှတွပေါင်းပြီး ကျန်တဲ့ပမာဏအတိုင်း အခွန်အပြည့်ဆောင်ရတဲ့အချိန် ရှိပါတယ်။ လစာများရင်များတဲ့အတိုင်း များများအဖြတ်ခံရဖို့သေချာပါတယ်။ ဒီအချက်ကိုမမေ့သင့်ပါဘူး။
၃။ Consequences တွေကို သတိပြုပါ။
သင်္ကြန်လားဟေ့ ပျော်လိုက်မယ်… EDM ပွဲလားဟေ့ သွားလိုက်မယ်ဆိုပြီး ဘာလာလာဒေါင်းတဲ့လူတွေနဲ့ ပေါင်းတဲ့အခါ ကိုယ်နဲ့သူတို့နဲ့ မတူတာသတိရပါ။ ပိုက်ဆံဆိုတာ ဘယ်လောက်ပဲများများရရ၊ ကုန်အောင်သုံးရင်ကုန်ပါတယ်။ မိန်းကလေးတွေက ပိုသိပါတယ်။ Estee Lauder လိုဆိုင်မျိုး၊ Furla လိုဆိုင်မျိုးမှာဆို တစ်ပတ်ပတ်လိုက်တာနဲ့ ပိုက်ဆံတွေတဖြုတ်ဖြုတ်ကျန်ခဲ့တာများ မျက်လှည့်ပြလိုက်သလိုပါပဲ။ မဝယ်ရဘူးလို့ လုံးဝမဆိုလိုပါ။ ဝယ်ပါ။ ကိုယ်ကြိုက်လို့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်တာပဲလေ။ ဒါပေမယ့် နောက်ဆက်တွဲကို သတိပြုပါ။ ဒီအိတ်လေးအရမ်းကြိုက်တယ်။ တစ်လလုံး ဆားနဲ့ပဲ စားရ၊ စားရဝယ်ပြီကွာ ဆိုပြီးလုပ်ရင် တကယ်ကိုဆားနဲ့စားရမှာကကိုယ်ကိုယ်တိုင်ပါ။ အနှစ်ချုပ်အနေနဲ့ကတော့ ကဲချင်သလိုကဲ၊ ဝယ်ချင်သလိုဝယ်၊ စားချင်သလိုစား ဒါပေမယ့် နောက်ဆက်တွဲကို သတိရပါ။ ပိုက်ဆံမရှိတဲ့အခါ ဘယ်လောက် မျက်နှာငယ်တယ်၊ ဘယ်လောက်စိတ်ဆင်းရဲရတယ်ဆိုတာ ကြုံဖူးတဲ့သူတိုင်း သိပါတယ်။
၄။ Negotiate လုပ်ကြည့်ပါ။
ဥပမာတစ်ခုအနေနဲ့ အိမ်လခက ၂၅ရက်နေ့ပေးရမယ်။ လစာက ၃ဝမှရမယ်။ ဒီကြားထဲ ပိတ်ရက် ဘာညာနဲ့ခံသွားလို့ ၂ရက်နေ့လောက်မှ ရမယ်ဆိုရင် လူက ပျာပြီး လတ်တလော အဆင်ပြေသွားဖို့အတွက် ဟိုချေး၊ ဒီငှား အရင်လုပ်တတ်ကြပါတယ်။ သတိချပ်ရမှာက Credit Card တို့၊ အတိုးနဲ့ ချေးငွေတို့ဆိုတာ ကိုယ့်အတွက် ခဏစိုက်ပေးထားတာပါ။ တကယ်တော့ ဘယ်လိုပဲ ခွဲဆပ်ရတယ်ပြောပြော ပြန်ကိုပေးရမယ့် ပိုက်ဆံတွေပါ။ မြန်မာလူမျိုးတွေက ညှိနှိုင်းရတာကို သိပ်မလုပ်တတ်ကြပါဘူး။ အားနာတာရယ်၊ သူတပါးကို အဆင်ပြေစေချင်တာနဲ့ပဲ ကိုယ့်ဖက်က အနစ်နာခံလိုက်ကြတာမျိုး အများအားဖြင့် ရှိတတ်ပါတယ်။ ဒါကြောင့် ခုနကလို အိမ်ကိစ္စမျိုးဆို တကယ်တော့ ကိုယ်က သေသေချာချာ ပြေပြေလည်လည်လေး ပြောပြ၊ ရှင်းပြနိုင်မယ်ဆိုရင် ကိုယ်ထင်ထားသလောက် မဆိုးတဲ့ Response တွေ ရှိတတ်ပါတယ်။ ဒါကြောင့် ရင်ဆိုင်ဖြေရှင်းရမှာ မကြောက်ပါနဲ့။ ကိုယ့်အမှားလည်း မဟုတ်ဘူးဆိုတာ သတိရပါ။
အားလုံးပဲ ကိုယ့်ရဲ့လစာကို ပိုင်ပိုင်နိုင်နိုင်စီမံခန့်ခွဲနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။