facebook tracking image
Mandalay: A City of New and Better Career Opportunities
Industry News

Mandalay: A City of New and Better Career Opportunities

ပိုကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေနဲ့ မန္တလေး

လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ထိ မန္တလေးမြို့ဆိုတာ အလုပ်အကိုင်ရှာဖွေတဲ့သူတွေအတွက်တော့ ရွေးချယ်စရာ သိပ်အများကြီးမရှိဘဲ တည်ငြိမ်တဲ့စျေးကွက်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာဆိုရင်တော့ လစာကောင်းတဲ့အလုပ်တွေ၊ ရာထူးကြီးတဲ့အလုပ်တွေ အများကြီးကို Offer လုပ်လာနိုင်တဲ့အထိ တိုးတက်ပြောင်းလဲနေပြီ ဖြစ်ပါတယ်။ သို့သော်လည်း Market Demand နဲ့ Talent Ratio မညီမျှတဲ့ အခက်အခဲတချို့ ရှိနေဆဲ ဖြစ်ပါတယ်။ အဲဒီလို ဖြစ်နေရတဲ့ အကြောင်းအရင်းနဲ့ ဖြေရှင်းနည်းတချို့ကို ဆက်လက်ပြီး ဖော်ပြပေးသွားပါမယ်။

English လို ကျွမ်းကျွမ်ကျင်ကျင် ပြောဆိုဆက်ဆံနိုင်တဲ့ ဝန်ထမ်းအရေအတွက်ဟာ သိသိသာသာကို နည်းနေတာ ငြင်းမရတဲ့အချက်ပါပဲ။ ဒါဟာလည်း လူတစ်ယောက်ချင်းစီရဲ့တော်ခြင်း၊ မတော်ခြင်းနဲ့ မသက်ဆိုင်ဘဲ အရင်တုန်းက English လို ပြောဖို့မလိုအပ်တဲ့ လုပ်ငန်းခွင်ထဲမှာပဲ တော်တော်ကြာလုပ်ခဲ့ကြရတဲ့အတွက် အလေ့အကျင့်မရှိတော့ ပြောမထွက်ကြတာဖြစ်နိုင်ပါတယ်။ ဒါကို ဖြေရှင်းနိုင်ဖို့နည်းလမ်းကတော့ Business English ကို အချိန်ယူလေ့လာပြီး ဘာသာစကား တိုးတက်ဖို့အတွက် လေ့ကျင့်ရုံသာရှိပါတယ်။

ဖြတ်လမ်းနည်းနဲ့ အင်တာဗျူးမှာမေးတာတွေကိုပဲ ကျက်သွားပြီးဖြေနိင်ခဲ့မယ်ဆိုရင်တောင် တကယ့်လုပ်ငန်းခွင် ဝင်တဲ့အခါ အခက်အခဲတွေ အများကြီးကြုံတွေ့ရနိုင်ပါတယ်။ အများစုက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ဖို့သာ အားသန်ကြတဲ့ မန္တလေးမြို့မှာ အလုပ်တစ်နေရာအတွက် Competitive ဖြစ်တဲ့ Talent တွေ ဆိုတာ အတော်ရှားခဲ့ပါတယ်။ နေထိုင်စားသောက်ဖို့သာမက သွားလာစားရိတ်ဟာလည်း အကုန်အကျ အရမ်းမများတဲ့အတွက် တော်သင့်ရုံလောက် လခပမာဏနဲ့ကျေနပ်ရောင့်ရဲခဲ့ကြပါတယ်။ ဒါကြောင့်လည်း အလုပ်တစ်နေရာမှာ ၅နှစ်၊ ၁ဝနှစ် စသဖြင့် အကြာကြီးလုပ်နေခဲ့ကြတဲ့သူတွေဟာ မန္တလေးအတွက်တော့ အထူးအဆန်း မဟုတ်ခဲ့ပါဘူး။ ဒီအတွက် Comfort Zone ကနေ ထွက်ပြီး စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်တဲ့ ဝန်ထမ်းအရေအတွက်ဟာလည်း နည်းနေလိမ့်မယ်ဆိုတာ ခန့်မှန်းမိကြမှာပါ။

ဝန်ထမ်းတော်တော်များများဟာ အလုပ်သာလျှောက်နေပေမယ့် တကယ်တမ်း CV ဘယ်လိုရေးရတယ်၊ အင်တာဗျူး ဘယ်လိုဖြေရတယ် စသဖြင့် လမ်းညွှန်ပြသပေးမှုတွေနဲ့ အထိအတွေ့နည်းကြတာကို တွေ့ရပါတယ်။ တချို့တွေဆို ကိုယ့်အလုပ်ကိုကျွမ်းကျင်ပိုင်နိုင်စွာ တာဝန်ယူလုပ်ကိုင်နိုင်ပါလျက်နဲ့ အင်တာဗျူးနဲ့ ဆိုင်တဲ့ အရေးကြီးတဲ့ Tips တွေကို မလေ့လာမိခဲ့တဲ့အခါ ကိုယ်နဲ့သင့်တော်တဲ့ အလုပ်နေရာကောင်းတွေ ဆုံးရှုံးနေကြတာလည်း မျက်မြင်ပါပဲ။

ကိုယ်ရောက်နေတဲ့နေရာကနေ ဒီထက်တိုးတက်ကောင်းမွန်တဲ့လုပ်ငန်းခွင်ကို မျှော်လင့်နေကြတဲ့ သူတွေအတွက်တော့ အထက်မှာဖော်ပြခဲ့တဲ့အကြောင်းအချက်တွေကိုသာ ပြင်ဆင်ပြီး ကြိုးစားကြမယ်ဆိုရင် မန္တလေးဟာ ပိုကောင်းတဲ့အလုပ်အကိုင်တွေကို ပိုများတဲ့လစာတွေနဲ့ တံခါးဖွင့်ကြိုနိုင်မှာ အသေအချာပါပဲ။​