facebook tracking image

Connecting...

Banner Default Image

Interview Preparation (အင်တာဗျူးအတွက် ပြင်ဆင်ခြင်း)

Mobile Default Image

08 Dec 00:00 by Haymar SuSuSan

(မိမိတို့ရဲ့ကိုယ်ပိုင်လုပ်ငန်းသာမဟုတ်ခဲ့ဘူးဆိုရင်) လုပ်ငန်းခွင်ဝင်တဲ့အခါ ပထမဆုံးကြုံတွေ့ရမယ့်အရာကအင်တာဗျူးပဲဖြစ်ပါတယ်။ အလုပ်ရှင်တွေအနေနဲ့လည်းအရည်အချင်း၊ အရည်အသွေးမတိမ်းမယိမ်းနဲ့ အလုပ်လျှောက်သူတွေများလာတဲ့ ဒီနေ့ခေတ်မှာ သူတိို့အတွက် အမှန်တကယ်လိုအပ်နေတဲ့ဝန်ထမ်းမျိုးကိုရဖို့အတွက် သေချာစီစစ်ပြီး ရွေးချယ်လာကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အလုပ်အင်တာဗျူးဖြေရမယ့် ဝန်ထမ်းတွေအနေနဲ့ တစ်ဖက်ကမေးနိုင်မယ့် မေးခွန်း၊ ကိုယ့်ရဲ့အဖြေတွေနဲ့ ဖြေဆိုမယ့်ပုံစံတွေကို ကြိုတင်ပြင်ဆင်လေ့ကျင့်ထားသင့်ပါတယ်။ အင်တာဗျူးဖြေတဲ့ အတွေ့အကြုံများတဲ့သူတွေအနေနဲ့တောင် ချောချောမွေ့မွေ့ဖြေဆိုနိုင်ဖို့ပြင်ဆင်မှုတွေလိုအပ်ပါတယ်။ ဘာတွေအဓိကထားပြီး ပြင်ဆင်ထားသင့်လဲဆိုတာကို အောက်မှာဖော်ပြပေးထားပါတယ်။

၁။ ကိုယ့်အကြောင်းကိုယ်မိတ်ဆက်တဲ့ Introduction ကို မြန်မာလိုသာမက English လိုပါ ပြင်ဆင်ထားသင့်ပါတယ်။ အဓိကပြောရမယ့် အကြောင်းအရာက ကိုယ်လုပ်ခဲ့ဖူးတဲ့ လုပ်ငန်းအတွေ့အကြုံတွေအကြောင်းဖြစ်ပြီး ကြာချိန်က ၃ မိနစ်ကနေ ၅ မိနစ်အထိသာ ဖြစ်သင့်ပါတယ်။

၂။ ကိုယ့်ရဲ့အားနည်းချက်၊ အားသာချက်တွေကို ၃ ချက်စီလောက် စဉ်းစားထားသင့်ပါတယ်။ အားသာချက်က ပြဿနာမရှိပေမယ့် အားနည်းချက်ကိုပြောတဲ့အခါ ပြဿနာရှိလာပါတယ်။ ဥပမာ ကိုယ်က Sales (အရောင်း) နဲ့ ပတ်သက်တဲ့ Position မျိုးကို လျှောက်တယ် ဆိုပါစို့။ အဲ့ဒါကို ကိုယ့်အားနည်းချက်အကြောင်းပြောတဲ့အခါ “ကျွန်တော်/ကျွန်မက စကားနည်းပါတယ်၊ သိပ်ပြီး သွက်သွက်လက်လက် မနေတတ်ဘူး” လို့များ ပြောလိုက်မိရင် အလုပ်ရနိုင်မယ့် ရာခိုင်နှုန်းက နည်းသွားပါလိမ့်မယ်။ အားနည်းချက်ကို လိမ်ညာခိုင်းတာမဟုတ်ပါဘူး။ အဓိကက ကိုယ်ဖြေလိုက်တဲ့ အားနည်းချက်တွေက ကိုယ်လျှောက်တဲ့အလုပ်ကို တိုက်ရိုက်ထိခိုက်ခြင်းမရှိတဲ့ဟာမျိုးတွေဆို ပိုအဆင်ပြေပါလိမ့်မယ်။ လိမ်မာပါးနပ်ဖို့ လိုအပ်ပါတယ်။

၃။ တကယ့် Professional ဆန်တဲ့ အင်တာဗျူးမေးသူအများစုက သူတို့ကပဲ မေးမြန်းနေတာမျိုးမဟုတ်ပဲ စကား အပြန်အလှန်ပြော၊ ဆွေးနွေးတဲ့ အနေအထားမျိုးဖြစ်အောင် ဖန်တီးတတ်ကြပါတယ်။ အဲ့ဒီအခါ သူတို့က သူတို့လုပ်ငန်းအကြောင်း၊ အဲဒီအလုပ်အတွက် ဘယ်လိုလူမျိုး ရှာနေပါတယ်၊ ဘာတွေလိုအပ်ပါတယ် ဆိုတဲ့အကြောင်း ပြောပြလေ့ရှိကြပါတယ်။ အဲဒီအချိန်မှာ ကိုယ်က သေချာနားထောင်ပြီး သူပြောလိုက်တဲ့ လိုအပ်ချက်တွေက ကိုယ့်မှာရှိနေပြီးသားဖြစ်နေခဲ့ရင် ဒါတွေကိုပြန်အသုံးချလို့ရပါတယ်။ ဥပမာ မင်းနဲ့ဒီအလုပ် ဘာကြောင့်သင့်တော်တယ်လို့ထင်တာလဲဆိုတဲ့ မေးခွန်းမျိုးအတွက်ပေါ့။

၄။ ကိုယ်အလုပ်လျှောက်မယ့် Company အကြောင်းနဲ့ Job Descriptions (လုပ်ငန်းလိုအပ်ချက်တွေ) အကြောင်း ကြိုတင်လေ့လာထားဖို့ လိုအပ်ပါတယ်။ အနည်းဆုံးတော့ Company Website ကို ဝင်ကြည့်ထားသင့်ပါတယ်။ ပြီးတော့ သူတို့ရဲ့ Update အဖြစ်ဆုံးသတင်းတွေကို သိထားသင့်ပါတယ်။ တကယ်ဆိုရင် ဒါဟာ အလုပ်မလျှောက်ခင်ကတည်းက လုပ်သင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ဘာမှန်း ညာမှန်း မသိပဲလျှောက်လိုက်ပြီး ရသွားတဲ့အလုပ်ဟာ ရေရှည်ခံလေ့မရှိပါဘူး။ လုပ်ငန်းအကြောင်း၊ Company အကြောင်း မသိ၊ နားမလည်ထားတဲ့သူဟာ အလုပ်ဝင်ပြီး တစ်လ၊ နှစ်လ အတွင်း အလုပ်သစ်ရှာဖို့ စဉ်းစားတတ်ကြပါတယ်။

၅။ နောက်ဆုံးအနေနဲ့ ကိုယ့်ဘက်က ပြန်ပြီးမေးမယ့် မေးခွန်းတွေ စဉ်းစားထားသင့်ပါတယ်။ အင်တာဗျူးမေးတဲ့သူတွေအနေနဲ့လည်း အလုပ်လာလျှောက်တဲ့သူတွေကို သူတို့မေးခွန်းတွေကို ပြန်ဖြေဖို့ အချိန်တစ်ခုပေးထားသင့်ပါတယ်။ ဒီက Culture အရ အလုပ်လျှောက်တဲ့သူတွေက အလုပ်ရှင်တွေကို နဂိုကတည်းက ကြောက်နေ၊ အားနာနေ တတ်ကြပါတယ်။ အဲဒီအခါ ကိုယ့်မှာ မေးခွန်းတွေရှိရဲ့သားနဲ့ မမေးဖြစ်ကြတော့ပါဘူး။ ထိုအကျင့်တွေကို ဖျောက်ထားသင့်ပါတယ်။ ကိုယ်သိချင်တဲ့၊ မရှင်းလိုက်တဲ့ ကိစ္စတွေအတွက် မေးခွန်းတွေ ပြန်မေးတာကို ဘယ်သူမှ ငြိုငြင်မှာမဟုတ်ပါဘူး။

အထက်ပါ အချက်တွေဟာ အဓိကကျတဲ့အကြောင်းအရာ တစ်ချို့ကိုပဲ ဖော်ပြထားတာဖြစ်ပြီး တကယ်တမ်း အင်တာဗျူးအတွက်ပြင်ဆင်ခြင်းဟာ ဒီထက်မက ပြည့်စုံကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ဒီအချက်တွေကို ပြင်ဆင်ရင်း အင်တာဗျူးတွေဖြေဆိုတဲ့နေရာမှာ အဆင်ပြေချောမွေ့ပြီး အောင်မြင်ကြပါစေ။