facebook tracking image

Connecting...

Banner Default Image

အလုပ်ခွင်အတွင်း ဖုန်းယဉ်ကျေးမှု

Mobile Default Image

03 Jan 00:00 by Ei Thinzar Oo

ဒီနေ့ခေတ်မှာ Smart Phone တွေဟာ နေ့စဉ်ဆက်သွယ်ရေးမှာ တစ်ထောင့်တစ်နေရာကနေပါဝင်အရေးပါလာတယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။ များသောအားဖြင့် ကောင်းမွန်တဲ့အကြောင်းပြချက်တွေနဲ့သုံးနေကြပေမယ့်  ကိုယ်ကိုယ်တိုင်တောင်မသိလိုက်တဲ့အပြုအမူလေးတွေကနေတဆင့် ကိုယ့်အကျိုးထိခိုက်စေတဲ့အထိလည်း ဖြစ်တတ်ပါတယ်။ ကိုယ့်ရဲ့နေ့စဉ်လူနေမှုဘဝမှာဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ မိုဘိုင်းဖုန်းအသုံးပြုမှုနဲ့ပတ်သက်ပြီးသိထားသင့်တဲ့စည်းကမ်းလေးတွေရှိပါတယ်။

အဲ့ဒီထဲကမှ လုပ်ငန်းခွင်မှာသတိမူသင့်တဲ့အခြေခံအကြောင်းအရာတစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်။

 

၁။ လုပ်ငန်းခွင်မှာဖုန်းကို Silent လုပ်ထားပါ။

 

အူကြောင်ကြောင်နိုင်တဲ့ Phone Ring Tune တွေဟာ Professional မဆန်ပါဘူး။ သီချင်း Lyrics တွေနဲ့ Heavy Rock လိုမျိုးတီးလုံးသံတွေဟာ လုပ်ဖော်ကိုင်ဖက်တွေကို စိတ်အနှောင့်အယှက်ပေးနိုင်ပါတယ်။

 

၂။ ဖြစ်နိုင်ရင်ဖုန်းကိုကိုယ့်မျက်စိရှေ့မှာမထားပါနဲ့။

 

အရေးမကြီးတဲ့ Social Media / Applications တွေဆီက Notification တွေဟာ ကိုယ်ကိုယ်တိုင်တောင်သတိမထားမိလိုက်ပေမယ့် အနှောင့်အယှက်တော်တော်ပေးပါတယ်။ အလုပ်လုပ်နေတဲ့အချိန်အာရုံလည်းပျံ့လွင့်စေပါတယ်။ Notification မီးလေးလင်းလာလို့ ခဏလေးပဲဆိုပြီးကြည့်မိလိုက်ပေမယ့် ကိုယ်လက်ရှိလုပ်နေတဲ့အရာပေါ်မှာတော့ အာရုံစူးစိုက်မှုလျော့ကျသွားစေပါတယ်။

 

၃။ ကိုယ်မသိတဲ့ဖုန်းနံပါတ်က ကိုယ့်နာမည်အတိအကျနဲ့ဖုန်းဆက်လာတဲ့အခါ ယဉ်ကျေးစွာတုံ့ပြန်ပါ။

 

ကိုယ့်ကိုဦးတည်ပြီးဆက်လာတဲ့ဖုန်းဆက်သူဟာ အနည်ဆုံးတော့ ကိုယ့်နာမည်နဲ့ဖုန်းနံပါတ်ကိုသိထားသူပါ။

တစ်ဖက်ကလူဟာ ဘယ်လိုလူလဲဆိုတာကိုယ်မသိနိုင်တဲ့အတွက် သေချာလေးပြန်ဖြေပေးဖို့အရေးကြီးပါတယ်။ ကိုယ့်အကျိုးစီးပွားအတွက်ဆက်တဲ့သူလည်းဖြစ်နိုင်ပါတယ်။ ကိုယ့် Client / Customer လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့်သူဘယ်သူမှန်းမသိဘဲနဲ့တောင် ကိုယ့်ဘက်ကကောင်းကောင်းမွန်မွန်ဆက်ဆံထားတာဟာ ကိုယ့်အတွက်အမှားမရှိပါဘူး။

 

၄။ တခြားတစ်ယောက်ကိုဖုန်းလွှဲပေးရမယ်ဆိုရင် Mute လုပ်ပါ။

 

ကိုယ်က တခြားသူတစ်ယောက်ကိုဖုန်းလွှဲပေးရမယ်၊ အခြား Information မေးပေးရမယ်ဆိုရင် ဖုန်းကို Mute လုပ်ပြီးမှဖုန်းလွှဲပေးပါ။ Information မေးပါ။ ဒါ့အပြင် သင့်အလုပ်ရဲ့အရေးကြီးတဲ့အကြောင်းအရာတွေကို တစ်ဘက်ကသူကြားသွားမှာကို သင်လည်းလိုလားမယ်မထင်တဲ့အတွက် Mute လုပ်ဖို့ကအရေးကြီးဆုံးအချက်တွေထဲမှာပါပါတယ်။

 

၅။ ဖုန်းချပြီးမှ တခြားသူနဲ့စကားပြောပါ။

 

ဒါဟာလူတော်တော်များများသတိမမူဘဲလုပ်မိနေတဲ့အပြုအမူပါ။ ဖုန်းမချခင် (သို့မဟုတ်) ဖုန်းကျသွားပြီထင်ပြီး ဖုန်းဆက်တဲ့သူအကြောင်းပြောဆိုခြင်းဟာ တစ်ဘက်သူကို Respect မရှိရာရောက်ပါတယ်။  ဖုန်းကျသွားပြီထင်ပြီးဖုန်းဆက်တဲ့သူအကြောင်းမကောင်းပြောလို့ အလုပ်ထွက်ရတဲ့အထိပါဖြစ်ဖူးတဲ့သာဓကတွေလည်းရှိပါတယ်။

 

အပေါ်မှာဖော်ပြထားပေးတဲ့အကြောင်းအရာလေးတွေကတော့ Phone Etiquettes တွေထဲက အခြေခံကျတဲ့အကြောင်းအရာတစ်ချို့ပါ။ အရင်ကတည်းက ဒီလိုအမူအကျင့်တွေလိုက်နာထားတဲ့သူဆိုရင် သင်ဟာချီးကျူးထိုက်သူဖြစ်ပါတယ်။ အရင်ကသတိမမူမိပေမယ့် အခုမှစပြီးသတိထားလုပ်ကြည့်မယ်ဆိုရင်လည်း နောက်မကျသေးပါဘူးနော်။ ဒါတွေထက်အရေးအကြီးဆုံးတစ်ခုကတော့ အတတ်နိုင်ဆုံး ကားမောင်းရင်းဖုန်းမပြောမိစေဖို့ သတိပေးတိုက်တွန်းချင်ပါတယ်။