Could an Avengers-Like Organization Exist in Real Life?
Avengers Organization မျိုး တကယ်ရှိနိုင်သလား။
ထက်မြက်တဲ့ လူတော်တွေနဲ့ချည်း ဖွဲ့စည်းထားတဲ့ လုပ်ငန်းခွင်မျိုးမှာ မလုပ်ချင်တဲ့သူ ရှိမယ်မထင်ပါဘူး။ ဒါ့အပြင် အကျိုးဆက်အနေနဲ့ သူတို့လုပ်အားကြောင့် လုပ်ငန်းကြီးထွားအောင်မြင်လာတဲ့အခါ ဝန်ထမ်းအတွက် ခံစားခွင့်တွေကလည်း ပိုပြီးမြင့်တက်လာမှာ သေချာပါတယ်။ ဒီလို Organization မျိုးကို ဝန်ထမ်းတွေသာမက လုပ်ငန်းရှင်တွေကပါ အိမ်မက်မက်ကြပါတယ်။ အဲဒီလိုအနေအထားကို ရောက်ဖို့အတွက် ဖြတ်ကျော်ရမယ့် အတားအဆီးလေးတွေကို စုစည်းတင်ပြလိုက်ပါတယ်။
Foundation
ကုမ္ပဏီကို စတင်ဖွဲ့စည်းတဲ့ဖို့ကြိုးစားတဲ့အခါ Basic steps တိုင်းက အရေးပါပါတယ်။ နောက်မှ ကြည့်လုပ်လိုက်တာပေါ့ ဆိုတဲ့ mindset ဟာ အခြေခံအုတ်မြစ်ကို ခိုင်ခိုင်မာမာ မချထားတဲ့ အဆောက်အဦးတစ်ခုလို ဖြစ်နေပြီး အချိန်မရွေး ပြိုကျပျက်စီးနိုင်ပါတယ်။ Company registration က စလို့ Human resources management တွေအထိ အဆင့်တိုင်းဟာ သေချာမှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေဖို့ လိုအပ်ပါတယ်။ အလောတကြီး လုပ်ခြင်းက တခါတရံ အမှားလုပ်မိစေတတ်ပါတယ်။
Compliance
အပေါ်မှာ ဆိုခဲ့တဲ့အတိုင်း Labour law နဲ့ Tax law စတာတွေမှာ ဥပဒေနဲ့အညီ ဆောင်ရွက်သင့်ပါတယ်။ ဝန်ထမ်းတွေအတွက် ညီညွှတ်မျှတတဲ့ Environment မျိုးကို မဖန်တီးထားဘူးဆိုရင် ဘယ်လူတော်မှ အလုပ်လျှောက်ချင်ကြမှ မဟုတ်ပါဘူး။ ကိုယ်ယုံကြည်စိတ်ချရတဲ့ နေရာတစ်ခုလို့ မယူဆတဲ့ နေရာတစ်ခုကို သွားဖို့ဆိုရင် နောက်ဆုံး ဘာမှ ရွေးချယ်စရာမကျန်တဲ့ အခြေနေမျိုးမှာသာဖြစ်ပါလိမ့်မယ်။ ကိုယ့်လုပ်ငန်းဟာ ရွေးကျန်ကြီး မဖြစ်နေပါစေနဲ့။
Consistency
ဈေးကွက်အနေအထားအရ ကုမ္ပဏီရဲ့ mission နဲ့ vision ကို သင့်တော်သလို ပြုပြင်ပြောင်းလဲပစ်ရတဲ့ အခြေအနေမျိုး လုပ်ငန်းမှာ ရှိလာနိုင်ပါတယ်။ ဒါပေမယ့် ဝန်ထမ်းတွေအတွက် သတ်မှတ်ထားတဲ့ Rules and regulations တွေကို ခဏတိုင်း ပြောင်းလဲနေခြင်းမျိုးက မသင့်တော်ပါဘူး။ ကိုယ်ချမှတ်ထားတဲ့စည်းကမ်းတွေကို ကိုယ်တိုင် နမူနာအနေနဲ့ လိုက်နာပြီး နေထိုင်ကျင့်ကြံသင့်ပါတယ်။ ကိုယ်က လူကြီးမို့ ရုံးအမြဲနောက်ကျမှ လာပြီး ဝန်ထမ်းတွေကိုကျ အပြစ်ပေးခြင်းမျိုးက ဆင်ခြင်သင့်ပါတယ်။
Rewards and Punishment
လူတိုင်းဟာ အမှားမကင်းပါဘူး။ ဘယ်လောက်တော်တဲ့သူပဲ ဖြစ်ဖြစ် အမှားလုပ်မိတတ်ကြပါတယ်။ အဲဒီအခါ သူကတော့ တော်လို့ အပြစ်လျှော့ပေါ့ပေးလိုက်မယ်ဆိုတာမျိုး မလုပ်ပါနဲ့။ အလားတူပဲ ချီးကျူးစရာရှိတဲ့အခါမှာလည်း တန်းတူညီမျှ မြှောက်စားအားပေးခြင်းမျိုး ပြုလုပ်သင့်ပါတယ်။ အားလုံးက စိတ်ထဲမှာ အတူတူရုန်းကန်နေကြတယ်ဆိုတဲ့ စိတ်မျိုး ဝင်လာတဲ့အခါ အလုပ်ခွင်ကိုလည်း ကိုယ့်လုပ်ငန်းလို့ သဘောထားပြီး အားကြိုးမာန်တက် လုပ်ဆောင်လာကြတာကို တွေ့ရမှာပါ။
ဖော်ပြခဲ့တဲ့အချက်လေးတွေကို သတိထားပြီး လိုက်နာမယ်ဆိုရင် ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်ချင်တဲ့သူတွေ များလာရုံသာမက မိမိဝန်ထမ်းတွေကလည်း ကုမ္ပဏီအတွက် ဂုဏ်ယူစွာနဲ့ ကြိုးစားလုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။