facebook tracking image
Essential Tips for Job Seekers to Avoid Being Blacklisted
Career Advice

Essential Tips for Job Seekers to Avoid Being Blacklisted

အလုပ်ရှာနေသူများအနေနှင့် (Blacklisted) နာမည်ပျက်စာရင်းထဲမပါစေဖို့ ရှောင်ကြဉ်သင့်သည့် အချက်များ

ကိုယ့် CV ကို မြင်လိုက်တာနဲ့ ‘ပယ် (Rejected)’ စာရင်းထဲထည့်လိုက်တာမျိုး ဘယ်သူမှဖြစ်ချင်ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေ ကိုယ်တိုင်သိရဲ့သားနဲ့ပဲဖြစ်ဖြစ်၊ မသိလို့လုပ်လိုက်မိတာပဲဖြစ်ဖြစ် လုပ်ဖြစ်သွားတဲ့ အကြောင်းတစ်ချို့ကြောင့် ကိုယ့် CV က အဲဒီ နာမည်ပျက် စာရင်းထဲကို ရောက်သွားမိတတ်ပါတယ်။ အောက်ပါအချက်တွေနဲ့ ကိုယ့်ရဲ့အတွေ့အကြုံကိုနှိုင်းယှဉ်ပြီး လုပ်မိခဲ့တယ်ဆို နောက်မလုပ်ဖို့၊ မလုပ်မိသေးဘူးဆိုရင် ကြိုတင်သိထားစေဖို့ ဖော်ပြပေးလိုက်ပါတယ်။ 

၁။ ကြိုတင်အကြောင်းကြားခြင်းမရှိပဲ အင်တာဗျူးအချိန် နောက်ကျခြင်း၊ ပျက်ကွက်ခြင်း။ 
Professional ဆန်တယ်ဆိုတာကို ဘာမှန်းမသိတဲ့ လူတော်တော်များများမှာ တွေ့ရတတ်တဲ့ အမူအကျင့် တစ်ခုဖြစ်ပါတယ်။ အဲဒါက ပြဿနာကို ရှောင်ပြေးခြင်း ဖြစ်ပါတယ်။ ကိုယ့်ဘက်က အဆင်မပြေတဲ့ အကြောင်းအရာကို ပွင့်ပွင့်လင်းလင်း ရင်ဆိုင်ပြောဆိုရမှာထက် ပြဿနာကို ရှောင်ပြေးလိုက်ဖို့ပဲ စဉ်းစားရွေးချယ်မိတတ်ကြပါတယ်။ ဖုန်းမကိုင်တော့တာ၊ ဖုန်းပိတ်လိုက်တာ၊ Call Reject လုပ်ပစ်တာတွေဟာ တော်တော်ဆိုးရွားတဲ့ အပြုအမူတွေ ဖြစ်ပါတယ်။ ကိုယ်နဲ့အင်တာဗျူးရှိတဲ့အတွက် သပ်သပ်ဖယ်ထားတဲ့တပါးသူရဲ့အချိန်ကို ဖြုန်းတီးရာရောက်ပါတယ်။ 

၂။ ရိုးသားမှုမရှိခြင်း။ 
ကိုယ့်အပေါ် တစ်ခါလိမ်ညာဖူးတဲ့သူတွေကို လူတွေက အမြဲမှတ်မိနေလေ့ရှိပါတယ်။ ပြီးတော့ ဖွံဖြိုးဆဲနိုင်ငံတစ်ခုရဲ့ စီးပွားရေးလောကဆိုတာ အရမ်းကြီးမကျယ်ပြန့်တဲ့အတွက် လူတစ်ယောက်ကို လိမ်ညာပြီးတာနဲ့ သူနဲ့ပြန်မဆုံဖြစ်လောက်ပါဘူးဆိုပြီး တွေးလို့မရပါဘူး။ အလုပ်လျှောက်တုန်းက ကိုယ့်ရဲ့ လုပ်သက်ကိုပဲဖြစ်ဖြစ်၊ လက်ရှိလစာကိုပဲဖြစ်ဖြစ် မရိုးမသားလုပ်မိတာကို တစ်ဖက်လူသိရှိသွားတဲ့အခါ သူက သူ့ရင်ထဲမှာပဲ သိမ်းထားမှာမဟုတ်ပါဘူး။ အနည်းဆုံး သူ့အသိုင်းအဝိုင်းထဲမှာ ပြန့်သွားပါလိမ့်မယ်။ အလုပ်ရှာပေးတဲ့ Agency တွေကဆိုရင် သူတို့က အဲဒီမရိုးမသားလုပ်မှုကို CV နဲ့တကွ မှတ်တမ်းတင်ထားလေ့ရှိတဲ့အတွက် အဲလိုအလုပ်လျှောက်သူမျိုးကို နောက်တစ်ခါ လုံးဝဆက်သွယ်ပေးတော့မှာ မဟုတ်ပါဘူး။ 

၃။ Personality ပြဿနာ။ 
ဒါကတော့ Blacklist ထဲရောက်မယ်ဆိုတာထက် HR တွေ၊ Recruiter တွေက အလုပ်ရှာပေးဖို့ နှစ်ခါပြန်စဉ်းစားတတ်ကြတဲ့သူအမျိုးအစားကို ဆိုလိုချင်တာဖြစ်ပါတယ်။ အများအားဖြင့်တော့ စကားပြော မယဉ်ကျေးတဲ့သူတွေ၊ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းတဲ့ Over Confidence အမျိုးအစားတွေ၊ သူတပါးကို ခပ်နှိမ်နှိမ်ပုံစံမျိုး စကားပြောတတ်တဲ့သူတွေ ဖြစ်ကြပါတယ်။ အဲလိုလူမျိုးတွေကို အလုပ်ပေးဖို့စဉ်းစားတဲ့အခါ ဘယ်လောက်ပဲ သူတို့နဲ့ကိုက်ညီတဲ့အလုပ်ဖြစ်နေပါစေ သူတို့ကို ဒုတိယနေရာမှာသာထားပြီး ဆက်သွယ်ဖို့ စဉ်းစားတတ်ကြပါတယ်။ အဲဒီတော့ ကိုယ့်အတွက် Chance က သူများထက် နည်းသွားပါလိမ့်မယ်။ 

၄။ ရုပ်ဆိုးတဲ့ CV။ 
ဒီနေ့ခေတ်မှာတော့ CV တစ်ခု ရေးဖို့စဉ်းစားတဲ့အခါ မှီငြမ်းစရာ (Reference) တွေ အများကြီးရှိတာကို သိတဲ့သူရှိသလို မသိသေးတဲ့သူတွေလည်း တေ်ာတေ်ာများများရှိပါတယ်။ Google မှာ တစ်ချက်ခေါက်ရုံနဲ့ CV Sample တွေ အများကြီးတွေ့နိုင်သလို၊ Page တွေ Website တွေ မှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ ဖြစ်သလိုရေးပြီး တင်ထားတဲ့ CV တွေ၊ Selfie ဆွဲပြီး ဖြစ်သလိုရိုက်ထားတဲ့ ဓာတ်ပုံနဲ့ CV တွေ၊ ရှုပ်ယှက်ခတ်နေတဲ့ဒီဇိုင်းနဲ့ အရောင်ကြောင်ကြောင်ကြားကြားတွေပါတဲ့ CV တွေကို တကယ်တမ်းကောင်းတဲ့ အလုပ်နေရာတွေ၊ ရာထူးမြင့်မြင့်တွေအတွက် ရှာနေတဲ့ HR တွေ၊ Recruiter တွေက အများအားဖြင့် ကျော်သွားလေ့ရှိပါတယ်။ CV ကိုတောင် ကောင်းကောင်း မပြင်ဆင်ထားနိုင်တဲ့သူတစ်ယောက်ရဲ့အရည်အချင်းက ဘယ်လိုမျိုးလဲဆိုတာ သူတို့အတွေ့အကြုံအရ နားလည်နေလို့ ဖြစ်ပါတယ်။ 

အထက်ပါအချက်တွေကိုရှောင်ပြီး သပ်ရပ်ကောင်းမွန်တဲ့ Resume တစ်ခု ကိုယ့်မှာရှိထားမယ်ဆိုရင် အလုပ်ရှာဖို့၊ အလုပ်ရဖို့ ပိုပြီး အဆင်ပြေလွယ်ကူလာတာကို တွေ့ရမှာဖြစ်ပါတယ်။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020