ယုံကြည်မှုဆိုတာ လူတစ်ယောက်မှာလိုအပ်တဲ့၊ ကိန်းအောင်းတည်ရှိနေတဲ့အရာတစ်ခုဖြစ်ပါတယ်။ ယုံကြည်မှုဆိုတဲ့ အရာရှိနေခြင်းက ကိုယ့်အတွက်အကျိုးဖြစ်ထွန်းနိုင်တဲ့တွန်းအားတစ်ခုဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုတည်ဆောက်တဲ့အခါ
အဓိကသိရှိထားရမှာကတော့ “မိမိကိုယ်ကိုယုံကြည်မှုရှိနေလျှင် ဘယ်အရာမဆိုအောင်မြင်နိုင်တယ်” ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။
လူတိုင်းလူတိုင်းက ကိုယ်လုပ်ချင်တဲ့အရာတွေမလုပ်ရတဲ့အခါ၊ ကိုယ်မလုပ်ချင်တဲ့အရာတွေလုပ်နေရတဲ့အခါ ဒါမှမဟုတ် ကိုယ်လုပ်နေရတာတွေအပေါ်မပျော်တဲ့အခါ စိတ်ဓာတ်ကျတတ်ပါတယ်။ ထိုကဲ့သို့လူတစ်ဦးက မိမိရောက်ရှိနေတဲ့အခြေအနေနဲ့ပတ်သက်ပြီး ပျော်ရွှင်မှုတွေပျောက်ဆုံးတာမျိုးဖြစ်လာရင် ထိုလူရဲ့ လုပ်ရည်ကိုင်ရည်တွေကျဆင်းလာပါတယ်။ ဥပမာ - လုပ်ငန်းခွင်မှာလုပ်နေတဲဲ့သူတွေဆို Target တွေ၊ Productivity တွေ ကျလာနိုင်ပြီး အလုပ်ကိုလာချင်စိတ်တွေလည်း လျော့ကျနိုင်ပါတယ်။ ထိုကဲ့သို့အခြေအနေ ခဏခဏဖြစ်လာလျှင် အလုပ်မှာအဆင်မပြေဖြစ်လာနိုင်ပါတယ်။ ထိုအခါ မိမိ၏စိတ်ဓာတ်ကျဆင်းမှုက ဘေးပတ်ဝန်းကျင်ကိုပါထိခိုက်လာနိုင်ပြီး နောက်ဆုံးမိမိကိုယ်တိုင်နစ်မြှုပ်သွားနိုင်ပါတယ်။
ထိုကဲ့သို့ မိမိ၏ကိုယ်ပိုင်ယုံကြည်မှုပျောက်ဆုံးခြင်း၊ ယုံကြည်မှုမရှိခြင်း မဖြစ်လာစေရန် မိမိကိုယ်တိုင်ကြိုးစားလုပ်ဆောင်သင့်ပါတယ်။ လူတိုင်းသည် ကိုယ့်ရဲ့ကိုယ်ပိုင်အရည်အသွေးကိုသိလာတဲ့အခါ အဲ့ဒီအရည်အသွေးကို ကောင်းမွန်သထက်ကောင်းမွန်အောင်ကြိုးစားရင်း အတိုင်းအတာတစ်ခုထိရောက်လာတဲ့အခါ မိမိကိုယ်မိမိယုံကြည်မှုရှိလာနိုင်ပါတယ်။
ထိုကြောင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုတည်ဆောက်ဖို့အတွက်...
၁။ မိမိကိုယ်ကို Challenge လုပ်ကြည့်ပါ။ ဥပမာ-နေရာတစ်နေရာသွားမယ်ဆိုရင် အရင်ကသူငယ်ချင်းမိတ်ဆွေအပေါင်းအသင်း၊ မိဘတွေနဲ့သွားခဲ့ပေမယ့် အခုတော့တစ်ယောက်တည်းသွားရတော့မယ်။ အဲ့လိုတစ်ယောက်တည်းသွားရတာကို “ငါတော့မလုပ်နိုင်ဘူး၊ မသွားရဲလောက်ဘူး” လို့စိတ်ထဲမှာဖြစ်နေပါလိမ့်မယ်။ အဲ့ဒီလိုဖြစ်လာရင် “ငါတစ်ယောက်တည်းလည်းမရရအောင်သွားမယ်။ ငါသွားနိုင်ရမယ်။” လို့မိမိကိုယ်ကိုအားပေးကြည့်လိုက်ပါ။ တကယ်လည်းတစ်ယောက်တည်းသွားနိုင်တဲ့အခါ ငါလုပ်နိုင်ပါလားဆိုပြီး မိမိရဲ့ Self-Confidence ပိုမိုရရှိလာတာကိုတွေ့ရမှာပါ။
၂။ လူတွေက ကိုယ်ကြောက်တဲ့အရာတွေဆို ထိပ်တိုက်ရင်ဆိုင်ရမှာ ကြောက်တတ်ကြပါတယ်။ တစ်ခါတစ်လေ ကိုယ်ကြောက်တယ်ထင်တဲ့အရာတွေ (ဥပမာ-ရေကြောက်တဲ့သူဆိုလျှင်ရေကူးသင်ခြင်း) ကို တမင်လုပ်ပစ်လိုက်ခြင်းသည်လည်း မိမိ၏ကြောက်စိတ်၊ သိမ်ငယ်စိတ်ကို ကိုယ်တိုင်ချိုးနှိမ်လိုက်ရာရောက်ပါတယ်။
၃။ ကိုယ်ဝါသနာပါတာ သေးသေးလေးပဲဖြစ်ဖြစ်၊ ကိုယ့်မှာပါရမီပါတယ်လို့ထင်တာတစ်ခုခုဖြစ်ဖြစ် အဲ့ဒီအရာကိုပိုကျွမ်းကျင်ပိုင်နိုင်လာအောင်လေ့ကျင့်ပါ ။ဥပမာ - အသံကောင်းရင် သီချင်းကောင်းကောင်းဆိုတတ်အောင်လေ့ကျင်ကြည့်ပါ။ ပုံဆွဲတတ်ရင် ကျွမ်းကျင်စွာဆွဲနိုင်တဲ့ထိ သင်တန်းတက်ပြီးသင်ယူပါ။ တူရိယာတစ်ခုခု သို့မဟုတ် အားကစားတစ်မျိုးမျိုးမှာဝါသနာပါတယ်ဆိုရင် ကျွမ်းကျင်အောင်သင်ယူလေ့ကျင့်ပါ။ ဤကဲ့သို့တစ်ခုခုကိုသာမန်ထက်ပိုပြီးကျွမ်းကျင်လာရင် ကိုယ့်ကိုယ်ကိုအလိုလို ယုံကြည်ချက်ရှိလာပါတယ်။ မိမိကိုယ်ကို ဘာမှမကျွမ်းကျင်ဘူးလို့ထင်နေရင် မိမိလုပ်နိုင်မယ့်အလုပ်ကိုရှာဖွေပါ။ ထိုအလုပ်ကို ကျွမ်းကျင်ပိုင်နိုင်အောင်လုပ်ပါ။ ဒါ့အပြင်မိမိကိုယ်ကို ငါကရုပ်မချော ပေမယ့်...ငါကမချမ်းသာပေမယ့်...ငါကစာအရမ်းမတော်ပေမယ့်... ငါ့မှာတော့ဘာရှိတယ်...ငါကတော့ဘာကျွမ်းတယ်… ဆိုတာမျိုး စိတ်ထဲမှာ Level တစ်ခုတက်လာအောင်ကျင့်ယူလို့ရပါတယ်။
၄။ ကိုယ့်ကိုခွန်အားဖြစ်စေမယ့်စာများများဖတ်ပါ။ ရုပ်ရှင်တွေကြည့်ပါ။ ပတ်ဝန်းကျင်ကလေးစားအားကျရတဲ့သူတွေကို Inspiration ယူပါ။ တစ်ခါတစ်ခါမနက်တိုင်း မှန်ထဲကမြင်ရတဲ့ကိုယ့်ပုံရိပ်ကိုကြည့်ရင်း "Hey, you can do it" ဆိုပြီး အပြုံးလေးနဲ့ကိုယ့်ကိုယ်ကိုအားပေးပါ...ကိုယ့်ကိုယ်ကိုချစ်ပါ။
အဓိကကတော့ ကိုယ့်စိတ်ကိုခိုင်မာစေမယ့် ခွန်အားဖြစ်စေမယ့်အရာတွေပဲတွေးရင်းလုပ်ရင်း ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကိုတော့ အတတ်နိုင်ဆုံးမေ့ထားဖို့ကြိုးစားရပါမယ်။
အရေးကြီးဆုံးကတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကမိမိကိုယ်မိမိချစ်တတ်တာကနေစတင်ပါတယ်။
ကိုယ့်ကိုယ်ကိုချစ်မြတ်နိုးပြီးလေးစားမှုရှိရင် ယုံကြည်မှုတည်ဆောက်ဖို့ဆိုတာမခက်ခဲတော့ပါဘူး။
Change your mind and believe in yourself…