facebook tracking image
Common Body Language Mistakes to Watch Out For
Personal Development

Common Body Language Mistakes to Watch Out For

သတိပြုသင့်တဲ့ ကိုယ်နေဟန်ထားအမူအရာအမှားများ 

လူမှုနယ်ပယ်တွင် အချင်းချင်းဆက်သွယ်ပြောဆိုရာမှာ သင်ကိုယ်တိုင်သတိမထားမိလို့ပဲဖြစ်ဖြစ်၊ မသိလိုက်လို့ပဲဖြစ်ဖြစ် ပြုမူလိုက်မိတဲ့သင့်ရဲ့ကိုယ်နေဟန်ထား၊ လှုပ်ရှားမှုနဲ့လက်ဟန်အနေအထားတွေက အခြားသူတွေအပေါ်မှာ လွှမ်းမိုးသက်ရောက်မှုရှိနေပါတယ်။ ဒါတွေက သင့်အပေါ်သူများတွေရဲ့အထင်အမြင်နဲ့ဆက်ဆံပုံကိုလည်း ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ်၊ လူမှုဆက်ဆံရေးနယ်ပယ်မှာပဲဖြစ်ဖြစ် လူတွေနဲ့ ဆက်ဆံရာမှာ အောင်မြင်ဖို့အတွက် ရှောင်ကြဉ်ရမယ့်ခန္ဓာဗေဒဘာသာစကား၊ အမူအရာတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။ တောင်ကြည့်မြောက်ကြည့်အာရုံမရဖြစ်နေခြင်း

တစ်စုံတစ်ယောက်နဲ့စကားပြောနေချိန်မှာ သူ့ပြောစကားကိုနားထောင်နေပေမယ့် ကိုယ့်ရဲ့အမူအရာမှာ ဟိုဖက်ကြည့်လိုက်၊ ဒီဖက်ကြည့်လိုက်ဖြစ်နေခြင်း၊ မျက်လုံးကစားနေခြင်းတွေဟာ ဆင်ခြင်သင့်တဲ့ပထမဆုံးအမှားပဲဖြစ်ပါတယ်။ ဒီလိုလုပ်တာဟာ သင့်ကိုယ်သင်ယုံကြည်မှုမရှိတာ၊ ဒါမှမဟုတ် သူပြောနေတဲ့စကားပေါ်မှာအာရုံမထားတဲ့သဘောကို ဖော်ပြရာရောက်တဲ့အတွက် ဘယ်သူကမှသဘောမကျကြပါဘူး ။ ဒါ့အပြင် သူတို့ပြောမယ့်ကိစ္စကို သင်ကစိတ်လှုပ်ရှားကြောက်ရွံ့နေတဲ့သဘောမျိုးလည်း သက်ရောက်သွားတတ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ယောက်နဲ့စကားပြောတဲ့အခါမှာ မျက်လုံးအကြည့်ကိုတည်ငြိမ်နေပါစေ။ တဖက်သူကိုလည်း အာရုံစူးစိုက်မှုအပြည့်အဝပေးပြီး နားထောင်ပေးသင့်ပါတယ်။ အပြန်အလှန်စကားပြောသင့်ပါတယ်။

 

၂။ ဟန်ဆောင်အပြုံး

ဟန်ဆောင်ပြီးပြုံးတဲ့အပြုံးကို လူတိုင်းအလွယ်တကူသိနိုင်ပါတယ်။ အပြင်ကိုထုတ်မပြောရင်သာရှိပေမယ့် တကယ်တမ်း ဆက်ဆံရေးမှာအဖုအထစ်ဖြစ်သွားစေနိုင်တဲ့အမူအရာပဲဖြစ်ပါတယ်။ သတိထားဆင်ခြင်သင့်တဲ့ ဒုတိယတစ်ချက်ဖြစ်ပါတယ်။

 

၃။ စကားပြောနေစဉ် ပစ္စည်းများကိုအသုံးပြုခြင်း

စကားပြောနေတဲ့အချိန်မှာ ဟန်းဖုန်းကိုခဏခဏထုတ်သုံးတာ၊ လူမှုကွန်ယက်ကတက်လာတဲ့ Notification တွေစစ်နေတာ၊ နာရီမကြာခဏကြည့်တာ၊ စာရွက်တွေကို မလိုအပ်ဘဲ ခဏခဏလှန်လှောနေတာမျိုးတွေကို ပြောချင်တာဖြစ်ပါတယ်။ ဒီလိုအပြုအမူတွေဟာ စိတ်လှုပ်ရှားမတည်ငြိမ်မှု၊ မရိုးသားမှု၊ စိတ်ဝင်တစားမရှိမှုနဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေတာတွေကိုဖော်ပြတဲ့အမူအရာတွေပဲဖြစ်ပါတယ်။ စကားပြောတဲ့အခါအချိန်ပေးပြီး သေချာနားထောင်ပေးတာမျိုးဟာ တစ်ဖက်သားကိုလည်းလေးစားသမှုရှိရာရောက်ပါတယ်။

 

၄။ လက်လှုပ်၊ ခြေလှုပ်ဂဏာမငြိမ်ခြင်း

လက်လှုပ်၊ ခြေလှုပ်ဂဏာမငြိမ်ခြင်းကတော့ လုံးဝမကောင်းတဲ့အမူအရာတစ်ခုဖြစ်ပါတယ် ။ စားပွဲခုံကို တတောက်တောက်ခေါက်နေတာ၊ ဒူးခေါင်းလှုပ်ပြီးကစားနေတာတွေဟာ စကားပြောနေချိန်မှာ တဖက်လူကို စိတ်အနှောက်အယှက်ဖြစ်စေပြီး အလေးမထားရာရောက်တဲ့အမူအရာမျိုးဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့စိတ်တွေမတည်ငြိမ်တာကိုလည်း အတိအလင်းဖော်ပြနေတဲ့အမူအရာဖြစ်တာကြောင့် လုံးဝဆင်ခြင်သတိထားသင့်တဲ့အမူအရာတစ်ခုလည်းဖြစ်ပါတယ်။

 

၅။ လက်ပိုက်ထားခြင်း၊ ဟိုကွယ်ဒီကွယ်လုပ်ခြင်း

ဒီအချက်ကတော့ လူတွေရဲ့မသိစိတ်ကအလိုလိုလုပ်မိတဲ့အရာတစ်ခုဖြစ်ပါတယ်။ လူတွေဟာ စိတ်လှုပ်ရှားလာတဲ့အခါမှာ ကိုယ်တိုင်မသိလိုက်ဘဲလက်ပိုက်ခြင်း၊ ခေါင်းနဲ့ဗိုက်၊ တချို့နေရာများကိုကွယ်မိတတ်ပါတယ်။ လက်ပိုက်ထားခြင်းဟာ တစ်ခါတစ်လေယုံကြည်မှုရှိတယ်လို့သဘောသက်ရောက်ပေမယ့်၊ ကျိုးနွံကြောက်ရွံတဲ့သဘောကိုလည်းသက်ရောက်စေပါတယ်။ မလိုအပ်ဘဲတိုးလျှိုတဲ့ကိုယ်နေဟန်ထားထက်စာရင် ရင်ကိုဖွင့်ပြီးတက်ကြွလန်းဆန်းတဲ့ပုံစံနဲ့စကားပြောသင့်ပါတယ်။ လူမှုဆက်ဆံရေးမှာတော့ အထက်ပါအချက်တွေလုပ်မယ်ဆိုရင် သင့်ကိုအားနည်းပျော့ညံ့သူတစ်ယောက်၊ ယုံကြည်မှုမရှိသူတစ်ယောက်အဖြစ်မြင်သွားနိုင်ပါတယ်။

 

၆။ အဖက်မလုပ်ခြင်း (တစ်ဖက်လူကို အလေးမထားခြင်း)

လူတစ်ယောက်ကိုလုံးဝလှည့်မကြည့်တာက စကားပြောဆိုတဲ့အဆင့်ကိုတောင်မရောက်စေဘဲ ရပ်တန့်သွားစေနိုင်ပါတယ်။ ဒီလိုမလုပ်ပေမယ့် တဖက်သူကိုအဖက်မလုပ်တဲ့တခြားအမူအရာတွေရှိပါသေးတယ်။ စကားဖြတ်ပြောတာ၊ သေချာနားမထောင်တာ၊ အဝေးကိုငေးနေတာ၊ တခြားသူတစ်ယောက်နဲ့စကားလှည့်ပြောတာ စသဖြင့်ရှိပါတယ်။ သင့်အနေနဲ့ လူတစ်ယောက်နဲ့အမှန်တကယ်ဆက်သွယ်ချင်ရင် မျက်နှာချင်းဆိုင်အနေအထားနဲ့ သေချာနားထောင်ပေးဖို့ လိုပါတယ်။

 

၇။ မျက်မှောင်ကျုံ့ ခြင်း၊ နှုတ်ခမ်းကိုက်ခြင်း

မျက်မှောင်ကျုံ့ထားခြင်း ၊ နှုတ်ခမ်းကိုက်ခြင်းဟာ စကားပြောနေတဲ့တဖက်လူကို အထင်အမြင်လွဲစေတဲ့အကြောင်းမျိုးတွေ ဖြစ်ပေါ်စေပါတယ်။ မျက်လုံးမှေးပြီးကြည့်ခြင်း၊ မျက်မှောင်ကျုံ့ခြင်းဟာ တဖက်သားပြောနေတာကို မယုံကြည်ဟန်၊ စိတ်ရှုပ်ဟန်သဘောကို သက်ရောက်စေတတ်ပါတယ်။ နှုတ်ခမ်းကိုက်တာမျိုးမကြာမဏလုပ်တာဟာ စကားပြောနေတာကို အာရုံမရှိတော့ခြင်း၊ စိတ်ပျက်လက်ပျက်ဖြစ်ဟန်သဘောကိုသက်ရောက်စေတာမို့ ဆင်ခြင်သင့်ပါတယ်။

 

၈။ ပျင်းရိပျင်းတွဲနေထိုင်ဟန်

ခန္ဓာကိုယ်အနေအထားမှန်ကန်ခြင်းက သင့်အပေါ်လူတွေရဲ့အမြင်ကိုတိုးတက်စေနိုင်ပါတယ်။ မတ်မတ်ရပ်ခြင်း တောင့်တောင့်တင်းတင်းထိုင်ခြင်းတို့က သင့်ကိုယုံကြည်မှုရှိပြီး ဆွဲဆောင်မှုရှိသူတစ်ယောက်လို့ထင်ရစေပါတယ်။ ဒါ့ကြောင့် သွားလာနေတဲ့အခါဖြစ်နေ၊ ထိုင်နေစဉ်မှာဖြစ်စေ တက်ကြွတဲ့အနေအထားဟာ အသင့်တော်ဆုံးပါ။ တစ်ယောက်တည်းရှိနေစဉ်မှာ သက်တောင့်သက်သာနေထိုင်တာမမှားပေမယ့် တခြားသူတွေရှိနေစဉ်မှာ သတိထားသင့်တာမျိုးဖြစ်ပါတယ်။ ခုံပေါ်မှာလျှောထိုင်တာ၊ ဒူးထောင်ထိုင်တာစသည်ဖြင့် ပျင်းရိလေးကန်နေတဲ့ ကိုယ်နေဟန်ထားတွေဟာ ကိုယ့်အပေါ်တခြားသူရဲ့အမြင်ကိုကျဆင်းစေပါတယ်။ တူတူစကားပြောနေချိန်မျိုးမှာဆိုရင် တစ်ဖက်လူကို ဂရုမထားရာလည်းရောက်တာမို့ဆင်ခြင်သင့်ပါတယ်။

Share this blog

How To Train And Develop Yourself
How To Train And Develop Yourself
Published 18 January 2025
Multitasking vs Single-tasking
Multitasking vs Single-tasking
Published 10 June 2024
Mental Health Awareness
Mental Health Awareness
Published 18 January 2023