facebook tracking image
How to Reflect on Yourself When Chasing Dreams Becomes Exhausting
Personal Development

How to Reflect on Yourself When Chasing Dreams Becomes Exhausting

အိပ်မက်တွေကိုပုံဖော်ရင်း ပင်ပန်းလာတဲ့အခါ ကိုယ့်ကိုယ်ကိုဘယ်လိုပြန်သုံးသပ်ကြမလဲ?

ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ကြိုးစားရင်း ခြေကုန်လက်ပမ်းကျနေပြီလား? ကိုယ်ကြိုးစားနေတာတွေက မဖြစ်နိုင်တော့ဘူးလို့တွေးနေပြီလား?… ကိုယ့်ကိုယ်ကိုအရှုံးမပေးခင် ဒီစာလေးကိုအရင်ဖတ်ကြည့်စေချင်ပါတယ်... တစ်ယောက်ချင်းစီတိုင်းမှာ ဖြစ်ချင်တဲ့ရည်မှန်းချက်တွေ၊ စိတ်ကူးအိပ်မက်တွေကိုယ်စီရှိကြတယ်။ တချို့တွေကအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ကြတယ်။ တချို့တွေကကြိုးစားနေဆဲပေါ့။ တချို့ကျတော့လည်း စိတ်ကူးတွေကိုစိတ်ကူးသက်သက်ပဲထားပြီး အချိန်တွေကုန်ဆုံးသွားကြတယ်။  ကြိုးစားနေတဲ့လူက Goals တွေတစ်ခုပြီးတစ်ခုထားပြီး Challenge တွေတစ်ခုပြီးတစ်ခုကိုဖြတ်ကျော်တယ်။ မအောင်မြင်သေးရင်တောင် သူ့မှာအတွေ့အကြုံကရလာတဲ့သင်ခန်းစားတွေရှိတယ်။ မကြိုးစားချင်တဲ့လူအတွက်က ဖြစ်မလာသေးတဲ့အန္တရာယ်မျိုးစုံကိုတွေးပြီး ဆင်ခြေမျိုးစုံပေးတယ်။ ကြိုးစားနေရင်းမအောင်မြင်သေးတဲ့လူတွေကို လက်ညိုးထိုးပြီး ကိုယ့်ဒုက္ခကိုယ်ရှာတဲ့လူလို သတ်မှတ်ပြောဆိုကြတယ်။  

The Good Doctor (American Version) ထဲက မင်းသားပြောတဲ့စကားတစ်ခွန်းကို တကယ်သဘောကျလို့ မျှဝေပေးချင်ပါတယ်။ “မလုပ်ကြည့်ရသေးဘဲနဲ့ မဖြစ်နိုင်ဘူးဆိုတာ ဘယ်လိုသိတာလဲ” တဲ့။ လူတော်တော်များများဟာ ဘာမှမလုပ်ရသေးခင်မှာ အောင်မြင်အောင် ဘယ်လိုကြိုးစားမလဲဆိုတာထက် ထင်သလိုမဖြစ်လာရင်တော့ ဘယ်လိုဒုက္ခရောက်သွားနိုင်တယ်ဆိုပြီးတွေးကြတယ်။ Chicken Soup For Soul ထဲကသစ်စေ့နှစ်စေ့ရဲ့အကြောင်းလိုပေါ့… ကြီးထွားဖို့စိတ်အားထက်သန်နေတဲ့ သစ်စေ့ဟာ နေရောင်ကောင်းကောင်းကိုရယူတယ်၊ မြေဆီလွှာထဲကအာဟာရကို တတ်နိုင်သလောက်စုပ်ယူပြီး အသီးအပွင့်တွေအများကြီးဖြစ်ထွန်းချင်တယ်၊ ကျေးငှက်တွေသူ့အပေါ်နားခိုရင်း သီချင်းဆိုကြမယ်လို့တွေးတယ်။ မကြာခင်မှာပဲ သူဟာအရိပ်အာဝါသကောင်းပြီး အသီးအပွင့်တွေဝေနေတဲ့အပင်ကြီးအဖြစ် အရွယ်ရောက်သွားတယ်။ နောက်သစ်စေ့တစ်စေ့ကတော့ သူအပင်ဖြစ်သွားရင် ငှက်တွေက သူ့အကိုင်းတွေပေါ်မှာလာနားတော့မယ်၊ သူ့အသီးတွေကိုစားမယ်၊ သူ့အကိုင်းတွေပေါ်ငှက်ချီးပေမယ်လို့တွေးနေရင်း အပင်ကြီးဖြစ်မှာကိုကြောက်နေတယ်။ မကြာခင်မှာပဲ အဲ့ဒီ့မြေကြီးပေါ်ကျနေတဲ့သစ်စေ့ကို ကြက်တစ်ကောင်က နှုတ်သီးနဲ့လာကောက်စားသွားတယ်။ 

မမေ့ပါနဲ့...လေယာဉ်တွေကို တီထွင်ခဲ့တဲ့ Wright Brothers, ကားတွေကို စတင်တီထွင်ခဲ့တဲ့ Henery Ford, လျှပ်စစ်မီးအလင်းရောင်ကိုတီထွင်ခဲ့တဲ့ Thomas Edison, Telephone တွေကိုတီထွင်ခဲ့တဲ့ Alexander Graham Bell တို့အပြင် အခြားသောကမ္ဘာကျော်ပုဂ္ဂိုလ်တွေဟာလည်း လူထဲကလူတွေပါပဲ။ သူတို့ဟာအရမ်းထူးခြားပြီး နတ်တွေဖန်တီးတဲ့ဦးနှောက်ပါရမီပါနေလို့မဟုတ်ပါဘူး။ သူတို့စိတ်ကူးတွေကို လက်တွေ့ဖြစ်လာအောင် ကိုယ်တိုင်ကြိုးစားအကောင်အထည်ဖော်နိုင်ခဲ့တာပါ။သူတို့ကြိုးစားနေတဲ့အချိန်တုန်းက လူတော်တော်များများလှောင်ရယ်ခဲ့ကြတယ်။ သူတို့အောင်မြင်တဲ့အခါကျတော့ သူတို့တီထွင်မှုနဲ့ဘယ်သူမှမကင်းနိုင်ကြပြန်ပါဘူး။ မင်းခဏခဏပြိုလဲနေပြီလား?  Thomas Edison ပြောတဲ့စကားကို ပြန်သတိရပါ။ သူဟာလျှပ်စစ်မီးရဖို့ နှစ်ပေါင်းများစွာသုတေသနလုပ်ရင်း အချိန်တွေရင်းနှီးခဲ့တယ်။ သူပြောတဲ့စကားက "ပါရမီက ၁% ပါ။ ချွေးတွေ သွေးတွေနဲ့ကြိုးစားခဲ့ရတာက ၉၉% ပါ" တဲ့။ ပြီးတော့ သူပြောတယ် " ကျွန်တော်ကျရှုံးခဲ့တာမဟုတ်ပါဘူး။ အလုပ်မဖြစ်တဲ့နည်းလမ်းပေါင်း ၁ သောင်းလောက်ကိုရှာတွေ့ခဲ့တာပါ" တဲ့။  ခက်ခဲတဲ့အရာတွေကိုဖြတ်ကျော်ပြီးတဲ့အခါ မင်းကိုယ်မင်းယုံကြည်မှုနဲ့လေးစားမှုတွေ တိုးလာမှာပါ။ လူဆိုတာ ကိုယ်ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှရပ်တန့်ခိုင်းလို့မရတဲ့သက်ရှိပါ။ မင်းကိုယ်မင်း အထင်မသေးသရွေ့ ကြိုးစားနေတာကိုမရပ်တန့်သရွေ့ မင်းဟာအောင်မြင်တဲ့လူတစ်ယောက်ဖြစ်လာဖို့ ရာခိုင်နှုန်းများပါတယ်။ အောင်မြင်ဖို့ရည်ရွယ်ချက်အခိုင်အမာနဲ့ စိတ်ကူးတွေကိုအကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့လူလောက် ကြည့်ကောင်းတာမရှိတော့ပါဘူး။ မင်းတစ်ခါမှ အပြင်းအထန်မကြိုးစားဖူးသေးရင် လုပ်ကြည့်ပါ။ ခြေကုန်လက်ပန်းကျလာရင် ခဏနားရင်း ကိုယ့်ကိုယ်ကိုအားမနာတမ်းပြန်သုံးသပ်ပါ။ အားနည်းချက်တွေမြင်အောင်ကြည့်ပြီး ပိုကောင်းတဲ့နည်းလမ်းပြန်ရှာပါ။ မင်းဘာမှမကြိုးစားချင်ဘူးလား? ကြိုးစားစရာမလိုအောင်ပြည့်စုံနေပြီလို့ထင်နေလား? ဒါဆိုလည်း တခြားလူကြိုးစားနေရင်း ခဏတာပြိုလဲတဲ့အခါ မကူညီရင်တောင် မကဲ့ရဲ့မိအောင်နေပါ။ ဘယ်သူ့ကိုမှ အထင်မသေးပါနဲ့။ လူတိုင်းမှာသူမတူတဲ့အစွမ်းတွေရှိပါတယ်။ ကိုယ့်ဘေးကလူတွေထဲမှာ Wright ညီနောင်လိုလူမျိုးတွေရှိနေနိုင်တာမို့ ဘယ်သူ့ကိုမှအထင်မသေးမိပါစေနဲ့။