Soft Skills and Hard Skills
လူတစ်ယောက်နဲ့တစ်ယောက်မတူညီတဲ့အားသာချက်တွေနဲ့ ကျွမ်းကျင်မှုတွေရှိကြတဲ့အလျှောက် ကိုယ့်အတွက်အသင့်တော်ဆုံးဖြစ်မယ့် Career နယ်ပယ်တစ်ခုကိုရွေးချယ်ဝင်ရောက်ကြတဲ့အခါ မဖြစ်မနေထည့်သွင်းစဉ်းစားရမယ့်အချက် ၂ ချက်ရှိပါတယ်။
ဒီဆောင်းပါးမှာ Soft Skill နဲ့ Hard Skill လို့ခေါ်တဲ့ လူတိုင်းမှာရှိတဲ့ကျွမ်းကျင်မှုတစ်ခုချင်းစီရဲ့အဓိပ္ပာယ်နဲ့ အားသာချက်တွေကို ဥပမာတွေနဲ့ဖော်ပြပေးသွားမှာဖြစ်ပြီး မိမိရဲ့အားသာချက်၊ အားနည်းချက်တွေကို ပြန်လည်ဆန်းစစ်တဲ့နေရာမှာ အထောက်အကူဖြစ်စေမယ်လို့ယုံကြည်ပါတယ်။
Hard Skill ဆိုတာဘာလဲ။
Hard Skill ဆိုတာကတော့ သင်ယူလို့ရတဲ့ ကျွမ်းကျင်မှုတွေဖြစ်ပြီး အလုပ်ခွင်ကဖြစ်စေ၊ သင်တန်းတက်ရောက်ပြီးဖြစ်စေ တတ်မြောက်နိုင်တဲ့အရည်အသွေးတွေပဲဖြစ်ပါတယ်။
ဥပမာအားဖြင့် Hard Skills ကို
ဘာသာစကားတစ်မျိုးမျိုးတတ်မြောက်ခြင်း
ပညာအရည်အချင်း
စက်ပစ္စည်းပိုင်းဆိုင်ရာကျွမ်းကျင်ခြင်း
ကွန်ပျူတာကျွမ်းကျင်စွာအသုံးပြုတတ်ခြင်း စသဖြင့်ဖော်ပြသတ်မှတ်နိုင်ပါတယ်။
လူတစ်ယောက်ရဲ့အရည်အချင်းကို အကဲဖြတ်တဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာကျွမ်းကျင်တတ်မြောက်မှုတွေကို တိုင်းတာအကဲဖြတ််ရုံတင်မက Soft Skill လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာအရည်အသွေးတွေကိုလည်း ဆန်းစစ်ဖို့လိုအပ်ပါသေးတယ်။
Soft Skill ဆိုတာဘာလဲ။။
Soft Skill ဆိုတာကတော့ ဆန်းစစ်ဖို့ခက်ခဲတဲ့ စိတ်ပိုင်းဆိုင်ရာအရည်အသွေးတွေဖြစ်ပြီး လူတစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့စရိုက်သဘာဝပေါ်အခြေခံပြီးကွဲပြားခြားနားကြပါတယ်။ Soft Skill ကို People Skill သို့မဟုတ် Interpersonal Skill လို့လည်းခေါ်ဆိုကြပါတယ်။
ဥပမာအားဖြင့် လူတစ်ယောက်ရဲ့ Soft skills ကို
လိုက်လျောညီထွေနေထိုင်တတ်ခြင်း
ပေါင်းသင်းဆက်ဆံရေးနှင့် ဦးဆောင်နိုင်စွမ်းရှိခြင်း
ပြဿနာဖြေရှင်းနိုင်စွမ်းနှင့် စိတ်ရှည်သည်းခံနိုင်ခြင်း
Hard Skill နဲ့မတူတာကတော့ သင့်မှာ Soft Skill ရှိတယ်ဆိုတာကို လက်ဆုပ်လက်ကိုင်ပြသလို့မရတဲ့အချက်ပဲဖြစ်ပါတယ်။
ယေဘုယျအားဖြင့် ဆရာဝန်တစ်ယောက်အတွက် မရှိမဖြစ် Hard Skill ကဆေးပညာဖြစ်ပြီး စိတ်ရင်းစေတနာကောင်းမွန်မှု၊ သဘောထားပြည့်ဝမှု စတာတွေကတော့ Soft Skill တွေပဲဖြစ်ပါတယ်။
ဒါကြောင့် Hard Skill တွေဟာသင့်ကိုအလုပ်အကိုင်ရရှိစေဖို့အထောက်အကူပေးတာဖြစ်ပြီး Soft Skill တွေကတော့ သင့်ကိုအလုပ်မှာအောင်မြင်လာစေမယ့် တွန်းအားတွေဖြစ်တယ်လို့မှတ်ယူနိုင်ပါတယ်။