facebook tracking image
Am I Really a Sales Professional?
Personal Development

Am I Really a Sales Professional?

ကိုယ်က Sales Professional တစ်ယောက် ဟုတ်ရဲ့လား..??

မိမိရဲ့သက်တမ်းတစ်လျှောက်မှာ အရောင်းအဝယ်မလုပ်ဖူးတဲ့သူဆိုတာ မရှိသလောက်ပါပဲ။ ကိုယ့်ရဲ့ ကျွမ်းကျင်တဲ့အသက်မွေးမှုပညာကို အရောင်းသမားတစ်ယောက်အဖြစ်နဲ့ ရပ်တည်နေကြတဲ့သူတွေလည်း အများအပြားပါပဲ။ ဒီအထဲမှာမှ အောင်အောင်မြင်မြင်နဲ့ လူအများလက်ခံတဲ့ Sales သမားတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့အခြေခံ Mindset လေးတွေအကြောင်း လေ့လာကြည့်ရအောင်။ 

၁။ ဘယ်တော့မှ ဂျင်းမထည့်ပါနဲ့။ 
လူတွေဟာ ကိုယ့်ကိုတစ်ခါလိမ်ဖူးတဲ့သူကို တစ်သက်လုံးမှတ်မိနေတတ်ကြပါတယ်။ ပေးလိုက်ရတဲ့ တန်ဖိုးများလေ ပိုမှတ်မိလေပါပဲ။ Social Media အားကောင်းနေတဲ့ခေတ်မှာ နာမည်တက်ဖို့လွယ်သလို၊ နာမည်ပျက်ဖို့လည်းလွယ်ပါတယ်။ ဘာလေးမဆို Facebook ပေါ်ရောက်ပြီးသားဖြစ်မှာဖြစ်တဲ့အတွက် တစ်နပ်စားမလုပ်မိဖို့ အရမ်းအရေးကြီးပါတယ်။ 

၂။ ကိုယ့်စိတ်ခံစားမှုကိုမပြပါနဲ့။ ရည်းစားနဲ့အဆင်မပြေတာရှိမယ်။ 
လူမှုရေး၊ ငွေရေးကြေးရေး၊ မိသားစုကိစ္စ စသဖြင့် အဆင်မပြေတာတွေရှိမယ်။ ခြုံပြောရရင် လူတိုင်းမှာ Bad Day ဆိုတာ ရှိတတ်ကြပါတယ်။ ဒါပေမယ့် ဒီစိတ်ခံစားချက်တွေကို အလုပ်ထဲထိ သယ်မလာပါနဲ့။ ရောင်းမယ့်သူဟာ ဝယ်သူနဲ့ပြောဆိုဆက်ဆံခြင်းမရှိဘဲ အလုပ်လုပ်လို့မရပါဘူး။ မျက်နှာမာကြီးနဲ့ အပြုံးမရှိတဲ့သူဆီမှာ ဘယ်သူမှ ဘာမှဝယ်ချင်မှာမဟုတ်ဘူးဆိုတာ နှလုံးသွင်းထားပါ။ 

၃။ ကတိတည်ပါ။ 
ရောင်းထွက်ချင်ဇောနဲ့ပြောခဲ့တဲ့စကား၊ ပေးခဲ့တဲ့ကတိတိုင်းကိုတည်ဖို့ လိုအပ်ပါတယ်။ တကယ်တမ်း ဖြေရှင်းရတော့မယ့်အချိန်ကျမှ ဘာလိုလို၊ ညာလိုလိုလုပ်နေရင် ဒီဝယ်သူဟာ ကိုယ့်ဆီ နောက်ထပ် ထပ်လာဝယ်တော့မှာမဟုတ်ပါဘူး။ ဒီတော့ ကိုယ်တကယ်လုပ်ပေးနိုင်တဲ့ဘောင်ထဲကစကားကိုပဲ နားဝင်အောင်ပြောတတ်ဖို့ လိုအပ်ပါတယ်။ အာမမခံနိုင်တဲ့အရာတွေကို လျှောက်ပြောတာဟာ Sales သမားကောင်းတစ်ယောက်မဟုတ်ပါဘူး။ 

၄။ ချက်ချင်းဆောင်ရွက်ပါ။ 
ဝယ်သူဆီက Complaint တစ်ခုခု (သို့မဟုတ်) Feedback တစ်ခုခု (ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ်) သိရတဲ့အခါ ချက်ချင်းဆက်သွယ်ပါ။ ပြဿ နာကိုအစအဆုံးသိရပြီးတဲ့အခါမှ ကိုယ့်ရဲ့ Team နဲ့ ဘာလုပ်ရမလဲဆိုတာတိုင်ပင်ပြီး ဝယ်သူကိုအဖြေပြန်ပေးပါ။ “နေပါစေ၊ တစ်ယောက်ပဲဟာ မဝယ်လည်းနေ၊ ထားလိုက်မယ်၊ ဖြေရှင်းမနေတော့ဘူး” ဆိုပြီး တွေးမိ၊ လုပ်မိချင်နေရင် သင်ဟာ Sales Professional နဲ့ ရေရှည်အသက်မွေးဝမ်းကျောင်းပြုလို့ အဆင်ပြေမှာမဟုတ်ပါဘူး။ 

အထက်ပါ အချက် ၄ ချက်ကို လိုက်နာနိုင်တယ်၊ ကိုယ့်အတွက် ပြဿ နာမရှိလောက်ဘူးလို့ယူဆမှ Sales နယ်ပယ်ထဲကို ဝင်ရောက်သင့်တယ်လို့ အကြံပြု ချင်ပါတယ်။ တကယ်တမ်း Sales နဲ့ပတ်သက်တဲ့ စည်းမျဉ်း စည်းကမ်းတွေ အများကြီးထပ်ရှိသေးပေမယ့် ဒီအခြေခံအချက်လေးတွေကို သိရှိထားခြင်းအားဖြင့် မိမိအားသာတဲ့ Career ကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။