facebook tracking image
When You Feel Like You've Lost Yourself
Personal Development

When You Feel Like You've Lost Yourself

မိမိကိုယ်ကို ပျောက်ဆုံးသွားသောအခါ

လူသားတွေဟာ အခြေအနေအရပ်ရပ်ကြောင့် စိတ်ဓာတ်ကျခြင်း စိတ်ဖိစီးခြင်းများကို ကြုံတွေ့ရတတ်ပါတယ်။ ထိုအခြေအနေများက "I Lost Myself" "မိမိကိုယ်ကို ပျောက်ဆုံးခြင်း" ဆိုတဲ့ ဖြစ်ရပ်ဆီကိုတွန်းပို့နိုင်ပါတယ်။ "မိမိကိုယ်ကို ပျောက်ဆုံးခြင်း" ဆိုတဲ့ ဖြစ်ရပ်ကို လူတိုင်းဘဝမှာ အနည်းဆုံးတစ်ခါလောက်တော့ ကြုံခဲ့ရဖူးကြမှာပါ။ ဒီခေါင်းစဉ်အောက်မှာ အလုပ်ခွင်နဲ့ပတ်သတ်တာတွေ၊ Relationship ကြောင့် ဒါမှမဟုတ် မိဘတစ်ဦးရဲ့ကဏ္ဍကနေ အစရှိသည်ဖြင့် အမျိုးမျိုးပါဝင်နိုင်ပါတယ်။ တစ်ချို့ဆို ဘာကြောင့်မှန်းမသိ ရေရေရာရာခေါင်းစဉ်တပ်လို့မရတဲ့ အခြေအနေမျိုးလည်း ရှိတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးဟာ အထူးသဖြင့် အဆင်မပြေတာတွေအများကြီး စုပေါင်းကြုံလာရတဲ့အခါမျိုးမှာ ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးနဲ့ ကြုံတွေ့လာတိုင်း ဘယ်လိုနည်းလမ်းတွေသုံးပြီး ကိုယ့်ကိုယ်ကို ပြန်ရှာကြမလဲ၊ ဘယ်လို ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုကို လျှောက်လှမ်းကြမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

၁။ မိမိ၀ါသနာကိုသိပါစေ။

ငယ်ငယ်တုန်းကတော့ ကိုယ်ဝါသနာပါရာကို လုပ်ဖို့ အချိန်တွေပိုလျှံခဲ့ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ထမ်းဆောင်ရမယ့်တာဝန်တွေ ပိုပိုများလာတဲ့အခါ ကိုယ့်ရဲ့ဝါသနာတွေက ချောင်လေးတစ်နေရာမှာကပ်နေရတတ်ပါတယ်။ လူ့ဘဝဆိုတာက တကယ်တော့ တိုတောင်းလွန်းလှပါတယ်။ ဒီလို တိုတောင်းတဲ့ဘဝကို ဘာလို့ကိုယ်မပျော်ရွှင်တာတွေလုပ်နေပြီး၊ ကိုယ်မနေချင်တဲ့ နေရာ၊ ကိုယ်မဖြစ်ချင်တဲ့ပုံစံမျိုးမှာ အချိန်ကုန်ခံစေမှာလဲ? သင် ဝါသနာပါတဲ့ကိစ္စကို နောက်ဆုံးဘယ်အချိန်တုန်းကပျော်ရွှင်စွာ လုပ်ခဲ့ပါသလဲ? သင့်ကို ပျော်ရွှင်စေနိုင်တဲ့ သင်ရဲ့ ၀ါသနာကဘာလဲ? သေချာပြန်လည်စဉ်းစား ဆန်းစစ်ပါ။ တစ်ချို့တွေက သီချင်းဆိုတယ်၊ ပန်းချီဆွဲတယ်၊ တစ်ချို့က ရေကူးတယ်၊ ဘောလုံးကန်တယ် အစရှိသည်ဖြင့် ကိုယ့်မှာလညး်ဘယ်လိုအရာတွေ ဝါသနာပါလဲဆိုတာ စဉ်းစားကြည့်ပါ။ သေချာသိပြီဆိုရင် အဲ့ဝါသနာကို အချိန်ပေးပြီး လက်တွေ့အကောင်အထည်ဖော်ပါ။ အဲ့လိုလုပ်ခြင်းက သင့်ကို ပျော်ရွှင်ခြင်းဆီခေါ်ဆောင်သွားပေးနိုင်ပြီး သင်တကယ်ဘာဖြစ်ချင်လဲဆိုတာကို ပြန်ရှာတွေ့နိုင်ဖို့ အချက်တစ်ချက်ဖြစ်လာနိုင်ပါတယ်။

၂။ ခရီးထွက်ပါ။

စိတ်ပင်ပန်းမှုတွေကို ဖြေလျော့ပေးနိုင်တဲ့ အရာတွေထဲမှာ ခရီးသွားခြင်းက အကောင်းဆုံးဆေးစွမ်းကောင်းတစ်လက်ပါပဲ။ အရာအားလုံးကနေ ခဏအနားယူပြီး မိမိနေထိုင်နေကြ နေရာတစ်ခုကနေ မတူညီတဲ့နေရာအသစ်တစ်ခုကို တစ်ယောက်တည်းဖြစ်ဖြစ်၊ သင်နဲ့စိတ်သဘောထားခြင်းတူညီတဲ့ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် သွားရောက်လည်ပတ်လိုက်ပါ။ အဲ့နေရာမှာ လုပ်လိုက်ရတဲ့ Activities တွေ လုပ်လိုက်ပါ။ ပတ်ဝန်းကျင်မှာရှိနေတဲ့ သဘာဝတရားတွေက တစ်ခါတစ်လေ သင့်ရဲ့စိတ်ကို ကုစားပေးနိုင်တဲ့ ဆေးကောင်းတွေဖြစ်နေနိုင်ပါတယ်။ ခရီးကနေပြန်ရောက်ရင် စိတ်သစ်လူသစ်နဲ့ အရာအားလုံးကို စိတ်နှစ်ပြီး ပြန်စကာ ပိုကောင်းတဲ့နေ့ရက်များဆီကို လျှောက်လှမ်းနိုင်ပါတယ်။

၃။ အကောင်းမြင်စိတ်ရှိသူတွေနဲ့ စကားပြောပါ။ နားထောင်ပါ။

တစ်ခါတစ်လေ ကိုယ်တိုင်တစ်ဦးတည်း ကြိတ်တွေးပြီးခံစားနေခြင်းက အကောင်းဆုံးဖြေရှင်းချက်မဟုတ်ပါဘူး။ ကိုယ်ဘာတွေခံစားနေရလဲ ကိုယ်ဘာတွေကြုံတွေ့နေရလဲဆိုတာကို မိမိယုံကြည်ရတဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစု၊ ဆရာသမား၊ အလုပ်ထဲက စီနီယာ တွေကို ပြောပြပြီး သူတို့ရဲ့ အကြံဉာဏ် ဆွေးနွေးချက်တွေကို နားထောင်ကြည့်ပါ။ ထိုသူတွေကတော့ အကောင်းမြင်စိတ်ရှိတတ်သူတွေ ဖြစ်နေဖို့လိုအပ်ပါတယ်။ တစ်ခါတစ်လေ ဘဝက သုတေသနပြုလုပ်သလိုမျိုး လူအများစုရဲ့အကြံဉာဏ်နဲ့ ကိုယ့်အခြေအနေနဲ့ပေါင်းပြီး သင့်တော်တဲ့ အဖြေရလဒ်တစ်ခုကို ကိုယ်တိုင်ထုတ်ပေးရတဲ့ အခြေအနေမျိုး ဖြစ်နေတတ်လို့ပါ။ အနည်းဆုံးတော့ လူအများရဲ့ အမြင်တွေ အကြံပြုချက်တွေထဲကနေ အမှန်တကယ် ကိုယ်ကဘာလဲဆိုတာကို ရှာတွေ့ကောင်းရှာတွေ့နိုင်ပါတယ်။

၄။ လက်တွေ့ဘဝမှာနေထိုင်ပါ။

အရေးအကြီးဆုံးထဲက တစ်ချက်ပါ။ ပြီးခဲ့တဲ့ ကိစ္စတွေကို အတိတ်မှာပဲထားခဲ့ပါ။ အတိတ်မှာ သင်ဘယ်လိုအမှားတွေလုပ်ခဲ့လုပ်ခဲ့၊ ဘယ်လို စိတ်ဓာတ်တွေကျခဲ့ကျခဲ့၊ စိတ်ညစ်ခဲ့၊ သင်အဲ့ဒါတွေကို ပြန်ပြင်လို့မရတော့ပါဘူး။ သင်လုပ်နိုင်တာ တစ်ခုကလက်တွေ့မှာနေထိုင်ပါ။ အတိတ်က အပူတွေကို သယ်မလာပါနဲ့။ မဖြစ်သေးတဲ့ အနာဂတ်ကိုလည်းတွေးမပူပါနဲ့။ ပစ္စုပ္ပန်မှာ ဘယ်လိုအကောင်းဆုံးနေထိုင်မလဲ ဆိုတာကိုပဲတွေးပါ။ ဒါပေမယ့် အနာဂတ်မှာ မိမိရောက်ချင်တဲ့ ပန်းတိုင်ကိုတော့ ကြိုတင်သိနေပါစေ။ မသိသေးဘူးဆိုရင်လည်း စဉ်းစားပြီး သတ်မှတ်လိုက်ပါ။ ပြီးရင် တစ်နေ့တစ်နေ့ ထိုပန်းတိုင်ရောက်အောင် လက်တွေ့ဘဝမှာ နေထိုင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ပါ။ ထိုသို့ ပြုလုပ်ခြင်းက သင့်ကိုယ်သင် လမ်းပျောက်နေခြင်းကနေ ကယ်တင်နိုင်ပါတယ်။

၅။ သင်ဟာ သူများမဟုတ်ပါဘူး။

လူအများစုက မိမိကိုယ်ကို သူများနဲ့ယှဉ်တတ်ကြပါတယ်။ သင်က သင်ပါ။ သူများမဟုတ်ပါဘူး။ လူတိုင်းက ကိုယ့်အချိန်ရထားကို ကိုယ်စီးပြီး ကိုယ့်ပြေးလမ်းပေါ်မှာ ကိုယ်ပြေးနေကြတာပါ။ Facebook ရဲ့ CEO ဖြစ်တဲ့ Mark Zuckerberg လို ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့သူတွေရှိသလို၊ အသက် အရွယ်ရလာတော့မှ အောင်မြင်တဲ့ KFC Owner "Colonel Sanders" လို လူမျိုးတွေလည်း ဒုနဲ့ဒေးပါ။ အဲ့တော့ သူများနဲ့ နှိုင်းယှဉ်ပြီး သိမ်ငယ်နေခြင်းတွေ ဒါမှမဟုတ် ဂုဏ်မောက်နေခြင်းတွေကို လွှတ်ချလိုက်ပါ။ ကိုယ့်ကို စိတ်ပင်ပန်းစေတဲ့ ဖြစ်နိုင်ဖို့ခက်ခဲတဲ့ သူများဖြစ်ပျက်နေတဲ့အရာတွေကို နှိုင်းယှဉ်ပြီး လိုက်ခံစားနေတာကို ရပ်လိုက်ပါ။ ထိုအခါ သင့်ကိုယ်သင် ပြန်ရှာတွေနိုင်ပါတယ်။

၆။ မိမိတန်ဖိုးကိုသိပါ။

လူသားတိုင်းက တန်ဖိုးရှိပါတယ်။ အဲ့အချက်ကို စိတ်ဓာတ်ကျပြီဆို လူတိုင်းနီးပါးမေ့လျော့သွားတတ်ပါတယ်။ မိမိက ဒီလူတစ်ဦးအတွက် မဟုတ်ရင်တောင် အခြားလူအများကြီးအတွက် တန်ဖိုးဖြတ်လို့မရတဲ့သူ ဖြစ်နေတတ်ပါတယ်။ မိမိကို တန်ဖိုးထားတဲ့ လိုအပ်တဲ့သူတွေကို များများအချိန်ပေးပြီး ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကို သူတို့နဲ့ကုန်ဆုံးပါစေ။ မိမိကိုယ်ကိုလေ့လာသုံးသပ်ခြင်း "Reflect Yourself" အားဖြင့်လည်း သင့်တန်ဖိုးကို သင်ကိုယ်တိုင်ရှာဖွေနိုင်ပါတယ်။ မိမိတန်ဖိုးကို ကိုယ်တိုင်သိရှိသွားသူတစ်ယောက်ဟာ ပျောက်ဆုံးနေတဲ့ မိမိကိုယ်တိုင်ကို ထိုတန်ဖိုးတွေကနေတစ်ဆင့်ပဲ အမြန်ဆုံးပဲပြန်ရှာတွေ့နိုင်ပါတယ်။

ပျောက်နေတဲ့အရာတွေဆိုတာ ပြန်ရှာတွေ့နိုင်တာတွေချည်းပါပဲ။ ဒါပေမယ့် ဘယ်နေရာမှာ ဘာကြောင့် ဘယ်လို ပျောက်သွားတာလဲ ဆိုတဲ့ အချက်တွေကိုတော့ သိဖို့လိုအပ်တာပေါ့နော်။ ပစ္စည်းပျောက်သွားရင် မရှာဘဲထားလိုက်လို့ရပေမယ့် မိမိကိုယ်တိုင် ပျောက်ဆုံးသွားရင်တော့ သင်ကိုယ်တိုင်ပြန်ရှာမှကို ဖြစ်ပါလိမ့်မယ်။ အပေါ်က ဖော်ပြခဲ့တဲ့ အချက်တွေဟာ မိတ်တွေတို့ ဘဝခရီးမှာ လမ်းပျောက်တဲ့အခါ အသုံးဝင်မယ့် လမ်းပြကြယ်လေးတွေ ဖြစ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016