facebook tracking image
Essential Skills to Become an Effective Sales Professional
Personal Development

Essential Skills to Become an Effective Sales Professional

Sales သမားကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်သလဲ?

စီးပွားရေးလုပ်ငန်း အားလုံးနီးပါးမှာ ‘Sales’ ဟာ အရေးကြီးတဲ့ အခန်းဏ္ဍမှာ ပါဝင်ပါတယ်။ ဒီအတွက် ကိုယ့်ရဲ့ ကုမ္ပဏီမှာ Sales သမားကောင်းကောင်းတွေ ရှိဖို့ လုပ်ငန်းရှင်တွေက မျှော်လင့်တတ်ကြပါတယ်။ အလုပ်ရှင် အနေနဲ့ပဲဖြစ်ဖြစ် ဝန်ထမ်းအနေနဲ့ပဲ ဖြစ်ဖြစ် Sales သမားကောင်းတစ်ယောက်မှာ ဘယ်လိုအရည်အသွေးတွေ ရှိနေသင့်သလဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ နောက်ဆုံး ကိုယ့်ရဲ့ Career က Sales Professional မဟုတ်ရင်တောင် Interview တွေ ဖြေတဲ့အခါ ကိုယ့်ကိုယ်ကို ဘယ်လို ရောင်းရမလဲ (တစ်နည်း) ကိုယ့်မှာရှိတဲ့ အရည်အသွေးတွေကို ဘယ်လိုနည်းနဲ့ အကောင်းဆုံး ထုတ်ပြနိုင်မလဲ ဆိုတာကို အောက်ပါ အခြေခံအချက်တွေက ပြောပြနိုင်ပါလိမ့်မယ်။

Ethic (ကျင့်ဝတ်) ရှိပါ။

ဒါဟာ စီးပွားရေး လုပ်ငန်းခွင်မှာသာမက လှုမှုရေးမှာပါ လိုအပ်တဲ့ အခြေခံ အချက်တစ်ခု ဖြစ်ပါတယ်။ Sales သမား တစ်ယောက် အတွက်ဆိုရင်တော့ ပိုလို့တောင် အရေးတကြီး လိုက်နာရမယ့် အချက်ပါ။ Ethic ဆိုတဲ့နေရာမှာ အပြုအမူသာမက အပြောအဆိုပါ ပါဝင်ပါတယ်။ ကိုယ့်ဘက်က Ethically နဲ့ Professionally ကျကျ ပြောဆိုဆက်ဆံတဲ့အခါ တစ်ဖက်လူရဲ့ ယုံကြည်အားကိုးမှုကို အလွယ်တကူ ရယူနိုင်ပါတယ်။ လူတစ်ယောက်ရဲ့ ထောက်ခံ ယုံကြည်မှုကို ရပြီးတဲ့နောက်တော့ ကျန်တဲ့ ကိစ္စတွေဟာ လွယ်ကူချောမွေ့နေမှာ သေချာပါတယ်။

လွှမ်းမိုးပါ။

အပြောအဆို ချိုသာ ညက်ညောခြင်းကို လူတိုင်း နှစ်သက်ကြပါတယ်။ ဒါပေမယ့် Sales သမားတစ်ယောက်ရဲ့ တာဝန်ဟာ ကိုယ့်ရဲ့အပြောအဆိုကို လူတွေ နှစ်သက်ဖို့ထက် ကိုယ်ရောင်းတဲ့ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုကို လူတွေ ဝယ်ယူ အသုံးပြုဖို့ပါပဲ။ လူတိုင်းကို တသမတ်တည်း ပုံသေဆက်ဆံလို့ မရပါဘူး။ သေချာတဲ့အချက်တစ်ခုကတော့ ကိုယ်က လွှမ်းမိုးတဲ့သူ ဖြစ်နေပါစေ။ ‘သူက ဒီပစ္စည်းအကြောင်းကို သေချာသိတာပဲ၊ သူက ဒီနယ်ပယ်မှာ ကျွမ်းကျင်လိုက်တာ၊ သူပြောတာ လက်ခံသင့်တဲ့ ကိစ္စပဲ’ စသဖြင့် မှတ်ချက်ပြုမိလောက်အောင် ပြောဆိုနိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ အပြုံး၊ တင်ပြပုံ နဲ့ စကားလုံးရွေးချယ်မှုတွေဟာ တစ်ဖက်လူကို အကောင်းဆုံး လွှမ်းမိုးနိုင်တဲ့ အရာတွေ ဖြစ်ပါတယ်။

တာဝန်ယူပါ။

‘ကတိ’ ဆိုတာ ပေးဖို့လွယ်သလောက် တည်ဖို့ခက်ပါတယ်။ Sales သမားတစ်ယောက်အနေနဲ့ ယုံကြည်စိတ်ချရတဲ့ ကတိတစ်ခုပေးခြင်းဟာ ဝယ်သူကို ကောင်းကောင်းဆွဲဆောင်နိုင်တဲ့ အချက်တစ်ခုပါပဲ။ ကိုယ့်ရဲ့ ကုန်ပစ္စည်းနဲ့၊ ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး အားသာချက်၊ အားနည်းချက်တွေကို ရှင်းရှင်းလင်းလင်းသိထားတဲ့အခါ အဲဒီပစ္စည်းကို ရောင်းထွက်နိုင်ဖို့ ၅ဝ ရာခိုင်နှုန်း သေချာနေပါလိမ့်မယ်။ Closing Sales လုပ်ဖို့အတွက် ကျန်တဲ့ ၅ဝ ရာခိုင်နှုန်းဟာ တာဝန်ယူမှုပါပဲ။ After Sales ဆိုတဲ့ Service ဟာ Sales သမားတစ်ယောက်နဲ့ ဘယ်လိုမှ ခွဲခြားလို့မရတဲ့ အရေးကြီးတဲ့ Responsibility တစ်ခုပါပဲ။ ကိုယ့်ရဲ့ တာဝန်ယူနိုင်မှုအပေါ်မှာ မူတည်ပြီး ကုန်ပစ္စည်းရဲ့ အရောင်း ရာခိုင်နှုန်းဟာ တက်လာသလား၊ ကျသွားသလား ဆိုတာကို ကောင်းကောင်းတိုင်းတာနိုင်ပါတယ်။

ပန်းတိုင်ကို သေချာသိပါ။

ကိုယ်သွားနေတဲ့ခရီး တစ်ခုရဲ့အဆုံးသတ်ပန်းတိုင်ကို ကိုယ်ကိုယ်တိုင်က သေချာသိဖို့ အရေးကြီးပါတယ်။ Sales Target တွေဟာ ကြောက်လန့်စရာမဖြစ်သင့်ပဲ တွန်းအားသာ ဖြစ်သင့်ပါတယ်။ အောင်မြင်မှုတွေ အားလုံးဟာ ‘မဖြစ်နိုင်လောက်ပါဘူး’ ဆိုတဲ့ စကားကနေ စခဲ့ကြတာပါ။ ကိုယ်ရဲ့ ၀ါသနာနဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ဟာ တစ်ထပ်တည်းကျဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ဒါဟာ အောင်မြင်မှုရဲ့အတားအဆီးတစ်ခု မဖြစ်သင့်ပါဘူး။ Sales သမားတစ်ယောက်အတွက်ဆိုရင် သူ့ရဲ့ ပန်းတိုင်ဟာ Commission မဟုတ်ပါဘူး။ ဝယ်သူရဲ့ စိတ်ကျေနပ်မှုသာ ဖြစ်ပါတယ်။ ဒီ Mindset ကို ထည့်ထားနိုင်တဲ့သူတွေကပဲ အခက်အခဲတွေ၊ Complaint တွေ တွေ့ကြုံတဲ့အခါ စိတ်ဓာတ်မကျပဲ အကောင်းဆုံး ဖြတ်ကျော်နိုင်မှာဖြစ်ပါတယ်။